စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲ

By အဂမ် (မဇ္ဈိမ)
04 November 2023
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲ

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ဌာနချုပ် လိုင်ဇာမြို့ဘက်ကို ‌နိုဝင်ဘာလ ၄ ရက်၊ ယနေ့နံနက် ၁၀ နာရီကျော်အချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး တရုတ်ပြည်ဘက်အခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ရှိသည်ဟု လိုင်ဇာဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က လိုင်ဇာမြို့ဘက်သို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေရာမှ တရုတ်ဘက်ခြမ်းရှိ နေအိမ်တအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား တဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း လိုင်ဇာဒေသခံများထံက သိရသည်။

“သူတို့ (စစ်တပ်)က တော်ကြာပစ်လိုက်၊ ပြီးရင် ခဏနားလိုက် လုပ်နေတာ။ သူတို့ပစ်လိုက်တဲ့ ကျည်က ဟိုဘက် (တရုတ်)ခြမ်းကို  လေးခု သွားကျတယ်တဲ့။ We Chat ဘက်ကနေ ပြောလာကြတယ်။ ဒီဘက်မှာတော့ လိုင်ဇာညစျေးဘက်လို့ ပြောတာဘဲ။ သေချာတော့ မသိရသေးဘူး။ ကေအိုင်အိုဘက်ကလည်း အပြင်ကို မလိုအပ်ဘဲ မထွက်လာကြဖို့ သတိပေးထားလို့လေ ”ဟု လိုင်ဇာသတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်အထိ လိုင်ဇာမြို့အနီးတဝိုက်သို့  လက်နက်ကြီး ပစ်ခတ်မှု အချက်ရေ (၁၀) ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်းလည်း ဒေသခံထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ခယာဘွမ်(Hkaya Bum) ၊ ဖွန်းပျန်ဘွမ်(Hpun hpyen bum) ၊ ခန်းကိုင်(Hkangkai Bum) နှင့် ဘွမ်ရဲဘွမ်(Bumre bum)စသည့် တောင်ကုန်းပေါ်မှနေ၍ လက်နက်ကြီးပစ်‌ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကေအိုင်အေ ရှေ့တန်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမ၏ မြေပြင် သတင်းအဖွဲ့ကို အတည်ပြုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်ရှိ ကန်တော်ယန်စခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက် လိုင်ဇာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။

စာတည်း ။        ။ ဖူးသိမ်ကျ

#ကချင်ပြည်နယ်
#လိုင်ဇာမြို့
#KIO/KIA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly