နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်က အမှတ် ၁ စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူး မြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ် နှင့် မကွေး တိုင်း၊ ဂန့်ဂေါမြို့နယ် အပါအဝင် စုစုပေါင်းမြို့နယ် ၈ ခုရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ နှင့် အကျဉ်းစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ် ရေး ဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများ အခြေစိုက်ရာ စစ်တပ်၊ ဗျူဟာ၊ တပ်ရင်း၊ နောက်တန်းဌာနချုပ်များအား တော်လှန်ရေးမဟာမိတ် ပူးပေါင်း တပ်ဖွဲ့က အောက်တိုဘာ(၂၅) ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်း တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်သည့် ရှင်းလင်းမျှဝေသော အစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ ၁၆၇၆ ဦး အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေး စစ်ရေးပါ တော်လှန်ရေးကာလတလျောက်လုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ ဖြစ်ပြီး စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အဓိက တာဝန်ယူထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေည့် တိုက်ပွဲများအတွင်း ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို စစ်စခန်းများ၌ လူသာဒိုင်း အဖြစ်အသုံးပြု နေကြောင်း Thai PBS သတင်းဌာနမှာ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းရှိရာနေရာကို ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားသည်ဟု ဒေသခံထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းမကြီးပိုင်းရှိ မြပုလဲစစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းကနီနှင့် ယင်းမာပင်နယ်စပ်၌ လနှင့်ချီ၍တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရုတ်တရက် ပြန်ဝင်သွား ပြီး ရှမ်းမြောက်ဒေသသို့ စစ်ကူ‌ စေလွှတ်သွားရကြောင်းသတင်းရရှိသည်။

ယင်းမာပင်-ဆားလင်းကြီး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်း ထန် နေပြီး တပတ်အတွင်း ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီး ငါးဦးအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရသည်။

မကွေးတိုင်း ကျောက်ထုမြို့နယ်တွင် စစ်ကြောင်းထိုး ဒေသခံများ​၏ ပစ္စည်းများလုယူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဂန့်ဂေါခရိုင်အမှတ် - (၁၈)တပ်ရင်း သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့ရှိ မင်းရွာရဲစခန်းက်ို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့တွင်သိမ်းပိုက် ခဲ့ပြီးနောက် ဒေသတွင်းရှိ တောင်ခင်ရမ်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။

မကွေးတိုင်း၊ ပခုက္ကူမှ မြိုင်မြို့နယ်သို့လာသော စစ်ကောင်စီယာဉ် လေးစီးအား မိုင်းဆွဲတိုက်ခိုက်ရာ အထိနာ၍ ၎င်းတို့က စီလောင်ရွာအား မီးရှို့ဖျက်ဆီးရာ အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းနှင့် စစ်ကူလာသည့် ယာဉ်တန်းတို့ကို တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ် ထား၍ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး သံဃာ ၁ ပါးထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၇၈၆၀ ဦးခန့် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNU (ဗဟို)က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ယမန်နေ့ညနေပိုင်းနှင့် ယနေ့မနက်ပိုင်းတွင် စစ်ကောင် စီ တပ်စခန်းများ ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့် တပ်မတော်(MNDAA) တို့က အသိပေးသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို စစ်မြေပြင်ဧရိယာအဖြစ်သတ်မှတ်ထားဆဲဖြစ်ပြီး အချိန်မရွေးထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ယနေ့ ပူးတွဲ ထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်ပြီး စစ်ကိုင်းတိုင်း ဒေသအသီးသီးရှိ ပြည်သူ့ ကာကွယ်ရေးတပ်(PDF)များပါဝင်သည့် ဆောင်ရွက်နေသည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်စခန်း ၁၈ခု သိမ်းပိုက်ထားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၉ ရက်တာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်တပ်စခန်းပေါင်း ၁၀၆ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကိုးကန့် MNDAA က သတင်းထုတ်ပြန်သည်။

KNU−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၉ လတာ ကာလ အတွင်း အကြမ်းဖက် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု ၁၈၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၄၀ ဦးသေဆုံးခဲ့ကာ သိန်းနှင့်ချီသော ပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရ KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို သတင်းပေး ပို့ကြဖို့ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာသံရုံးက ထုတ်ပြန် ထားသည်။

ကြည်း၊ ရေ၊ လေ)မိသားစုများ၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော် မင်္ဂလာ အခမ်းအနားကို အကြမ်းဖက်စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး သန်းဆွေသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong အား  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း က အကြမ်းဖက် စစ်သားများအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် ဒံပေါက်ဘူးများကိုလည်း ပေးပို့လှူဒါန်းနေကြောင်း စစ်ကောင်စီ က ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသည်။

နိုဝင်ဘာ ၄ ရက် သုံးသပ်ချက်

၁၀၂၇ စစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်း ၁၀၀ကျော်ကို သိမ်းပိုက်နိုင်ထားပြီး စစ်သုံ့ပန်းများရှိနေသလို KIA ဦးဆောင်သည့် PDF များမှလည်း စစ်ကိုင်းတို င်းအတွင်း စစ်တပ်စခန်းများ ရဲစခန်းများကို ဆက်တိုက် သိမ်းပိုက်လာခြင်းကြောင်း စစ်ကောင်စီ စိုးမိုးနယ်မြေအတော်များများလျော့နည်းသွားသည်ကို တွေ့ရသည်။

နိုင်ငံအနှံ့ စစ်တပ်စခန်းများ ရဲစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဆုံးရှုံးကာ ရှေ့တန်းတပ်ရင်းများ တပ်ပျက်နေသော်လည်း ပွဲကြိုက်မောင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်တွင် ကထိန်ပွဲတက်လိုက် ဘုန်းကြီးဆွမ်းကပ်လိုက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required