ကောလင်းမြို့ ရဲစခန်းနှင့် စာသင်ကျောင်းနေရာများကို လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်

By MTO (မဇ္ဈိမ)
04 November 2023
ကောလင်းမြို့ ရဲစခန်းနှင့် စာသင်ကျောင်းနေရာများကို လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်
ပုံအညွှန်း-ကောလင်းမြို့မှစစ်ရှောင်နေသည့် ပြည်သူများကိုတွေ့ ရစဉ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းရှိရာနေရာကို ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားသည်ဟု ဒေသခံထံမှ သိရသည်။

“ထွေအုပ်ရုံးနားမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ၊ လေယာဉ်နဲ့ လာပစ်တာ နှစ်ကြိမ်ရှိပြီ၊ ပထမအကြိမ်က ရဲစခန်းနဲ့ အထက(၁)ကျောင်းနားကို ပစ်သွားတယ်” ဟုဒေသခံက ပြောသည်။

ကောလင်းမြို့ ရဲစခန်းနှင့် အထက(၁)ကျောင်းနေရာများကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ မနက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မနက် ၈ နာရီ ၄၅ မိနစ်တွင် တကြိမ် မနက် ၁၀ နာရီ ၄၅ မိနစ်တွင် တကြိမ် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံကပြောသည်။

ကောလင်းမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )၊ ပြည်သူ့ကာကွယ်ရေးတပ်( PDF) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ များက နိုဝင်ဘာလ ၃ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ များ တပ်စွဲထားသည့် ကောလင်းမြို့ ရဲစခန်း ၊ထွေအုပ်ရုံး နှင့် အထက (၁) ကျောင်း နေရာများကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၃ ရက်  ည ၈နာရီတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၁၂ မိုင်ခန့်ဝေးသည့် ဖလဲရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များ ပျက်စီးခဲ့ပြီး  အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းဦးဆိုသူ သေဆုံးသွားကြောင်း Kawlin Info အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။       ။သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#လေကြောင်းတိုက်ခိုက်မှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly