ရှမ်းမြောက်တိုက်ပွဲအတွင်း ကလေးငယ် ၂ဦး အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
04 November 2023
ရှမ်းမြောက်တိုက်ပွဲအတွင်း ကလေးငယ် ၂ဦး အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံး
ပုံအညွန်း- အောက်တိုဘာ ၂၇ ရက်နေ့တွင် လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးနာရေး (TWO)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး တပတ်အတွင်း ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီး ငါးဦးအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရသည်။

Operation 1027 စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်က နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း အိပ်နေသည့် ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ခဲ့ရာ မိုင်းမျိုးလင်းကျော် (အသက် ၈ နှစ်) နှင့် လွေးမျိုးမျိုးအေး (အသက် ၁၂နှစ်) တို့သည် လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ် တံတားဦးကျေးရွာ၌ စစ်ကောင်စီတပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား တဦး နေရာတွင် သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အောက်တိုဘာ ၃၀ ရက်နေ့တွင်ပင် နမ့်ဖတ်ကာကျေးရွာ ပြည်ထောင်စုလမ်းကြီးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လမ်းတွင် သွားလာနေသည့် အသက် ၁၉ နှစ်အရွယ် အမျိုသမီးတဦးနှင့် အသက် ၁၉ နှစ်နှင့် ၂၈ နှစ်အရွယ် အမျိုးသား နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်ဆိုင်း(ကြူကုတ်) မြို့မှ ဒေသခံအမျိုးသမီးတဦးနှင့် အမျိုးသားတဦး သေဆုံးခဲ့ရာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

သိန္နီမြို့နယ်၊​ ရပ်ကွက်(၄)တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့၌ အိမ်ဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထမင်းစားနေသည့် သားအမိဖြစ်သည့် အမျိုးသမီးနှစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူက ပြောသည်။ 

နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီး ကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် တဦး သေဆုံးရာ ကိုရင်နှစ်ပါးနှင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂ ရက်နေ့တွင်ပင် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ၌ စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီးတဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

“အမျိုးသမီးနှစ်ယောက်ပါတယ်။ သူတို့က အိမ်မှာ နေ့လယ်စာ ထမင်းစားနေရင်းနဲ့ ဘယ်ဘက်က ပစ်တဲ့ လက်နက်ကြီးမှန်းတော့ သေချာမသိဘူး။ လက်နက်ကြီးက အိမ်မှာကျတော့ သားအမိနှစ်ယောက်စလုံး ဆုံးသွားတယ်။ နောက်တယောက်ကျတော့ စစ်ဘေးရှောင်နေတဲ့သူ၊ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေတဲ့ ကာလမှာပေါ့နော်။ လက်နက်ကြီးတွေက ဘုန်းကြီးကျောင်းထဲကို ပြန်ကျလာတော့ သူတို့ကို ပြန်ထိတာပေါ့။ သူတို့က နှစ်ဆင့်ခံရတဲ့ အခြေအနေပေါ့” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ယင်းမတိုင်ခင် ရက်ပိုင်းတွင်လည်း သိန္နီမြို့နယ်၊ နမ့်စလပ်တိုက်နယ် မန်ကောင်းကျေးရွာ၌လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြုစုထားသည့် အချက်အလက််များအရ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီ၊ မုံကိုး၊ နမ့်ဆန်း၊ ကွမ်းလုံ ၊ ပန်ဆိုင်း(ကြူကုတ်)၊ လားရှိုး၊ မူဆယ် မှ အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၂ ဦးရှိရာ မြေပြင်တွင် ယခုအချက်အလက်ထက် ပိုများနိုင်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားသည့် အရပ်သားများအား စစ်ကောင်စီတပ်မှ သွားလာခွင့်မပြုသဖြင့် ဆေးမကုသနိုင်ဘဲ သွေးထွက်လွန်ကာ သေဆုံးခြင်းဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

“သူတို့ စစ်ရှောင်နေတဲ့ နေရာကနေပြီးတော့ အပြင်ထွက် ဆေးကုသလို့ မရဘူးပေါ့်နော်၊ ကျမတို့ ရတဲ့အချက်အလက်တွေအရ၊ စစ်ကောင်စီက သူတို့ကို အပြင်ပေးမထွက်ဘူး။ အဲ့ဒီနေ့တုန်းက တိုက်ပွဲဖြစ်နေတဲ့ အနေအထားဆိုတော့ ဘယ်သူမှ အပြင်ပေးမထွက်လို့ သူက သွေးထွက်လွန်ပြီးတော့ ဆုံးသွားတာ” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်၊ လောက်ကိုင်၊ ကျောက်မဲ၊ မူဆယ် စသည့် မြို့နယ်မှ ဒေသခံ ၃၂,၄၄၅ ဦး ရှိရာ အရပ်သားနေအိမ် ၈၀ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၁၂ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရှမ်းပြည်နယ်
#မဟာမိတ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly