Operation 1027 နှင့် သက်ရောက်မှု အလားအလာ (NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး)

Operation 1027 နှင့် သက်ရောက်မှု အလားအလာ (NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး)

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ Operation 1027 ဖြင့် ထိုးစစ်ဆင်နေမှုများဖြစ်ပေါ်လာပြီးသည့်နောက် အခြားသောဒေသများကိုပါ စစ်ရေးသက်ရောက်မှုအလားအလာ၊ မဟာမိတ်များနှင့် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးအခြေအနေတို့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို မဇ္ဈိမ စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက ဆက်သွယ်မေးမြန်းထားသည်။ 

မဇ္ဈိမ။     ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ Operation 1027 ဆိုပြီး ထိုးစစ်ဆင်နွှဲနေတယ်။ အဲဒီ အော်ပရေးရှင်းအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်ရှုမြင်ပါသလဲ။

ဦးရည်မွန်။     ။ Operation 1027ဟာ အထူးအောင်မြင်ပါတယ်။နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ ပြောရမှာပါ။တနေရာတည်း တကွက်တည်း တိုက်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်သလို အားသာချက်လည်း ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ အကောင်အထည်ဖော်မှုကြောင့်ပဲ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ဒေသတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မဇ္ဈိမ။   ။ Operation 1027 ဖြစ်လာပြိီးတဲ့နောက် တခြားသော ဒေသတွေမှာပါ စစ်ဆင်မှုတွေပိုမြင်လာရနိုင်လား။

ဦးရည်မွန်။       ။ Operation 1027ရဲ့ ရှမ်းမြောက်ဒေသမှာဆိုရင် NUG/MODရဲ့ Mdy PDFဟာ ညီနောင်များနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတယ်။အခြားစစ်နယ်မြေတွေက PDF/ပကဖရဲဘော်များ၊ မဟာမိတ် EROsများဆိုရင်လည်း ဟန်ချက်ညီ စစ်ဆင်နေကြပြီ ဖြစ်ပါတယ်။ 

အခုဆိုရင် တစ်နိုင်ငံလုံးက PDF/ပကဖရဲဘော်တွေဟာ ရှိရာလက်နက်နဲ့ မဆုတ်မနစ် တိုက်ပွဲဝင်နေခဲ့တာ အချိန်အားဖြင့် နှစ်နှစ်ကျော်ခဲ့ပါပြီ။ ရှမ်းမြောက်က အားကောင်းတဲ့ Operation 1027 ပေါ်လာချိန်မှာတော့ စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်နေခဲ့ပြီဆိုတာ သေချာတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး PDFတပ်မတော်ရဲ့ စစ်ရှိန်ကိုလည်း ဆက်တိုက် မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ။    ။ Operation 1027 ဟာ ဝန်ကြီးပြောခဲ့ဖူးတဲ့ "လမ်းများအားလုံး နေပြည်တော်သို့" ဆိုတာနဲ့ရော ဆက်နွယ်မှုရှိပါသလား။

ဦးရည်မွန်။   ။ "လမ်းအားလုံး နေပြည်တော်သို့" စီမံကိန်း ရေးဆွဲစဥ်က မဟာမိတ်အဖွဲ့အစည်းများနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက်တိုက်ပွဲဖော်ဆောင်ဖို့ဟာ ဒီစီမံကိန်းရဲ့ ကွက်ပြည့်နင်းရေး မျှော်မှန်းချက်တခု ဖြစ်သလို မဟာမိတ်များရဲ့ အရေးကြီးတဲ့ အစီအစဥ်လည်း ဖြစ်ပါတယ်။

မဇ္ဈိမ။  ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ် (ERO) တွေနဲ့ ဆက်သွယ်ဆက်ဆံမှုဘယ်လောက်ရှိပါသလဲ။

ဦးရည်မွန်။   ။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ နိုင်ငံရေးရော စစ်ရေးပါ တော်လှန်ရေးကာလတလျောက်လုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အဓိက တာဝန်ယူပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ထောင်ဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သစ် တည်ထောင်ဖို့ အားလုံးသဘောတူ စိတ်ပိုင်းဖြတ်ပြီးလည်း ဖြစ်ပါတယ်။

မဇ္ဈိမ။       ။အရင့်အရင် တော်လှန်ရေးတွေတုန်းက လက်နက်ခဲယမ်းမီးကျောက်ကို အင်ဒိုချိုင်းနားဘက်ကနေရခဲ့တယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှာ ရလာတဲ့လက်နက်ခဲယမ်းမီးကျောက်တွေကိုကြည့်ရင် အရှေ့မြောက်ဒေသကနေ စီးဆင်းလာတာကို သတင်းတွေအရ သိရတယ်။ အဲဒီတော့ တရုတ်နိုင်ငံရဲ့ အလှည့်အပြောင်းဟာ တော်လှန်ရေးကို သက်ရောက်မှုရှိနိုင်မလား။

ဦးရည်မွန်။       ။ တော်လှန်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းက နေရာစုံက ရရှိနေတာပါ။ မဟာမိတ်များနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံခြားရေးကဏ္ဍ၊ အိမ်နီးနားချင်း ဆက်ဆံရေးကိစ္စတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံး ဂုဏ်သိက္ခာရှိရှိ ပါဝင်တဲ့ ပြည်ထောင်စုသစ်ကို အတူတကွ တည်ထောင်ကြဖို့ဆိုတာ တော်လှန်ရေးအဖွဲ့အစည်းတိုင်း လိုလားကြတာဖြစ်လို့ ဒီနိုင်ငံရဲ့ အနာဂတ် အင်မတန် လှပတယ်လို့ မြင်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly