ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး နှင့် သူ့အမေ၏ ငိုတဖက်နှင့် ပြုံးမျက်နှာ(ဆောင်းပါး)

By ချမ်းငြိမ်း
04 November 2023
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး နှင့် သူ့အမေ၏ ငိုတဖက်နှင့် ပြုံးမျက်နှာ(ဆောင်းပါး)

မောင်နီသည် ခရီးဆောင်ကျောပိုးအိပ်တလုံး ဘေးတွင်ချကာ ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော အဘွားအိုတဦးအား လက်ဆယ်ဖြာထိပ်မှာမိုး၍ ဦးချကန်တော့အပြီးတွင် မောင်နီမှ ရုတ်တရက်ဖြင့် ဒူးထောက်လျက် မိခင်ဖြစ်သူ၏ ရင်ခွင်အတွင်း ခေါင်းကလေးထိုးကာ တင်းတင်းကျပ်ကျပ် ဖက်ထားလေ တော့သည်။ ဤမြင်ကွင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ခွင့်ရက်စေ့ကာ တပ်ရင်းတပ်ဖွဲ့သို့ ပြန်ရတော့မည်ဖြစ်၍ တခဏတာခွဲခွာခြင်းအတွက် နှုတ်ဆက်နေခြင်းပင်ဖြစ်သည်။

မောင်နီက သူ့ကိုယ်သူ စစ်သားဖြစ်လာလိမ့်မည် အထူးသဖြင့်တော့ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သောအခါကမှ စိတ်ကူးပင် မကူးခဲ့မိပါ။ အာဏာသိမ်းမှုက အသက် ၁၈ နှစ်အရွယ် လူငယ်ကလေးတဦးကို ပြောင်းလဲပစ်လိုက်တော့သည်။

စစ်အာဏာမသိမ်းမီက မောင်နီသည် မုံရွာတက္ကသိုလ်တွင် ပညာ သင်ကြားနေသော ကျောင်းသား တဦးဖြစ်သည်။ စာမေးပွဲကြီးဖြေဆိုနေချိန် အာဏာသိမ်းတာနှင့်ကြုံတော့ မွေးရပ်မြေ အညာဒေသ ကနီမြို့နယ်အတွင်းသို့ အထုပ်ကလေးပိုက်ကာ ပြန်လာဖြစ်တော့သည်။

ကနီရောက်တော့ မြို့ပေါ်ဆန္ဒပြပွဲများ လိုက်သွားဖြစ်ခဲ့သည်။ မောင်နီနှင့် သူငယ်ချင်းများ  စောင်းဘောက်ကြီးတလုံးအား တယောက်တလှည့်ထမ်းကာ မမောနိုင်မပမ်းနိုင်နှင့်  ကြွေးကြော်သံများဖြင့် ထုတ်ဖော်ဆန္ဒ ပြခဲ့ကြသည်။

တခြားသောမြို့နယ်များတွင် ငြိမ်းချမ်းစွာဆန္ဒပြနေခြင်းအား မီးသတ်ကားကြီးများနှင့် ရေပက်ဖြိုခွင်းခြင်း၊ သေနတ်များနှင့်ပစ်ခတ်ဖြိုနေကြောင်း ကြားသိရသော်လည်း စိုးရွံ့မှုမရှိဘဲ  သူတို့ကတော့ ဆက်လက်ဆန္ဒပြခဲ့ကြသည်။

တနေ့တော့ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်တွင်တည်ရှိသော သပြေအေးကျေးရွာ တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများတိုက်ပွဲ ဖြစ်ပွားနေခြင်းကို မောင်နီကြားသိခဲ့ရသည်။ ကြားကြားခြင်းပင် မောင်နီသည် ဓားရှည်တလက်အား ကျောမှာလွယ်ကာ တိုက်ပွဲသို့ သွားသော သူများနှင့် လိုက်ပါသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသော နေရာနှင့် တရွာအကျော်သို့ အရောက် တူမီးသေနတ်များ ကိုင်ဆောင်ထားသော မုဆိုးကြီး တဦးက ‘ ငါ့တူ မင်းကနေခဲ့ မင်းမှာက ဓားလေးတချောင်းပဲပါတာ ဒီမှာကွာ ဆေးအဖွဲ့လည်း ရှိတယ် ဒီအဖွဲ့နဲ့ နောက်တန်းနေခဲ့ ’ ဟူသော  တားမြစ်စကားကြောင့် နောက်တွင် ကျန်ရစ်နေခဲ့ရသည်။

ညနေပိုင်းသို့အရောက်တွင် မောင်နီနှင့်အတူ ထိုင်နေသော ဦးလေးကြီးတဦးစီသို့ ဖုန်းတလုံးဝင်လာတော့ သည်။‘ ဒဏ်ရာရတဲ့သူ တယောက်ကို ကားနဲ့သယ်လာပြီ လမ်းတွေရှင်းပေးထား မြန်မြန် မြန်မြန် ရောက်တော့မယ် ’ ဟူသော အသံကြားလိုက်ရသည်။ ဝရုန်းသုန်းကားထကာ ဦးလေးကြီးနှင့် မောင်နီတို့ နှစ်ယောက်သမား ဆိုင်ကယ်တစီးဖြင့် ရှေ့ပြေးလမ်းရှင်းလင်းရေးများပြုလုပ်ခဲ့ကြသည်။

ဒီတိုက်ပွဲက မောင်နီကို ဆုံးဖြတ်ချက် ကျစေခဲ့တော့သည်။ လအနည်းငယ်အကြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သင်တန်းများပေး နေကြောင်းကြားသိခဲ့ရပြီး  နေရာ၊  အချိန်တွေ စုံစမ်းကာ သင်တန်းတက်ခဲ့သည်။ သင်တန်းတက်ပြီးချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့တော့သည်။

နေ့မနား ညမအား အလှည့်ကျ ကင်းစောင့်ခြင်း ရှေ့တန်း ထွက်ခြင်းများ ပြုလုပ်နေခဲ့ရာ အခုဆို …လတောင်ကြာပြီဖြစ်သည်။ မကြာခင်ဆို သီတင်းကျွတ်လရောက်ရှိရန် ရက်အနည်းငယ်ပင် လိုတော့သည်။ စစ်အာဏာမသိမ်းမီ အရင်အချိန် သီတင်းကျွတ်မီးထွန်းပွဲတော်များကို လွမ်းဆွတ်တမ်းတရင်း မျက်လုံးထဲမှ မျက်ရည်များ ဝဲကျလာတော့သည်။

သီတင်းကျွတ်လျင် ရွာပြန်ကာ လူကြီးမိဘတွေကန်တော့ချင်သည်။ ငယ်ပေါင်း သူငယ်ချင်းတွေတွေ့ချင်သည်။

PDF တပ်ရင်းတပ်ဖွဲ့မှ ခွင့်ရက်ရှည်ရရှိကြောင်း ကြားသိရပြီး ဝမ်းပမ်းတသာဖြင့် မိမိယူဆောင်လာသော အထုပ်ကလေးအား ပြင်ဆင်ကာ မွေးရပ်မြေ အမေအိုရှိသည့် အိမ်ကလေးသို့ အပြေးပြန်လာခဲ့တော့သည်။

အိမ်သို့အရောက် မောင်နီသည် အိမ်အပေါက်ဝတွင် ရပ်နေကာ “ အမေ ‘’ အသံကျယ်ကျယ်ဖြင့် အော်ခေါ်ကာ ‘’ သားပြန်လာပြီဗျ ခွင့်ရက်ရှည်ရလို့ပြန်လာတာ ‘’ ဟုပြောကာ အိမ်အောက်တွင် ထိုင်နေသော အမေမှ တောင်ဝှေးကလေးထောက်ကာ ဝမ်းသာပီတိဖြင့် မျက်ရည်များ ဝဲကျလာပြီး သားဖြစ်သူအား ထွက်ကြိုလေတော့သည်။

‘’ ဟယ် ငါ့သားပြန်လာပြီ ကြည့်ကြစမ်းပါဦး “ဟု (ဝမ်းသာလွန်း၍ မျက်ရည်ကျနေသော အသံဖြင့်/ အသက်ကြီး၍ မပီသော အသံမဟုတ်) အိမ်နီးနားချင်း ညီအကိုမောင်မှမများအား အော်ပြောလေတော့သည်။ “ငါ့သားလည်း အသားတွေမဲသွားတယ်နော် ဟိုမှ နေရထိုင်ရတာ အဆင်ပြေရဲ့လား ဖုန်းလိုင်းတွေလည်းမမိ၊ အမေကလည်း ဖုန်းတာရှိတာ မလုပ်တတ်နဲ့ ငါ့သားနဲ့ကို စကားမပြောရတာ အတော်ကြာနေပြီ၊ အခုလို စာမလာ သတင်းမပါးနဲ့ ဗြုန်းစားကြီးရောက်ချလာတော့ အမေလည်း ဝမ်းသာပြီး ငိုမိတာပေါ့လို့ “ ဟု ရှက်နေသော မျက်နှာနှင့် ပြောလေတော့သည်။

ထိုသို့စကားတွေပြော ပျော်ပျော်ရွှင်ရွှင်နှင့် သီတင်းကျွတ်ကာလကို ဖြတ်ကျော်လာပြီး ခွင့်ရက်စေ့ကာ တပ်ရင်းတပ်ဖွဲ့သို့ ပြန်ရတော့မည့် ရက်ကို ရောက်ရှိလာခဲ့တော့သည်။

တပ်ရင်းတပ်ဖွဲ့မှ ခွင့်ရက်ရှည်ရရှိကာ အမေ့အိမ် အမေ့ရင်ခွင်သို့ ပြန်လာသော PDF ရဲဘော်တယောက်၏ ရင်နင့်စရာမြင်ကွင်းတခုက မျက်စိရှေ့မှာ အဖွားအိုတယောက် ယိုင်နဲ့နဲ့ ထိုင်ခုံရှည် တခုပေါ်တွင် ခြေတွဲလောင်းချထိုင်နေပြီး မျက်ရေစက်တို့ ဖြိုင်ဖြိုင်ကျလျက် ထိုအဖွားအို၏ ခြေအစုံကို ဦးတိုက်နေသော လူငယ်မှာ ခွင့်ရက်စေ့၍ တပ်ရင်းတပ်ဖွဲ့ထံသို့ ပြန်ရတော့မည် ဖြစ်သောကြောင့် မိခင်ဖြစ်သူကို ဦးချနှုတ်ဆက်နေလေတော့သည်။

ထိုလူငယ်သည် အဖွားအိုအား မော့ကြည့်ရင်း ဝမ်းနည်းသောမျက်နှာနှင့် တုန်ရင်လှိုက်မောသံတို့က ကြည်လင်ပြတ်သားစွာ ကြားမြင်နေရသည်မို့ သည်းအူလိုက်မျှခံစား ရသည်။ ထိုလူငယ်၏အသံမှာ အသည်းထဲမှသည် လည်ချောင်း လည်မျို မှတဆင့် ပါးစပ်ဖျားအရောက်တွင် နက်ရှိုင်းတိုးညှင်းလှ၏ ‘’ အမေ’’ ဟု အစပြုလျှက်

 ‘’ အမေ ‘’ အများချစ်ရတဲ့ အများကအားထားရတဲ့ ပြည်သူ့ရင်ဖွား အမေ့သားပါ အသွေး အသက်ကိုပါ စွန့်ပြီးသား အားလုံးအတွက်ပါအမေ အများသိတဲ့စနစ်ဆိုးကို ရိုက်ချိုးပစ်ဖို့ ဟောဒီရင်ကို ကတုတ်လုပ် တိုက်ထုတ်မှာပါ အောင်ပွဲက မုချမလွဲဧကန်ပါဘဲအမေ စစ်အာဏာရှင်ဆိုတဲ့ စနစ်းဆိုး ကြီးစိုးမှုကိုတော့ ဘယ်ပြည်သူတဦး တယောက် ကမှ နှစ်သက်မှာမဟုတ်ပါဘူး  အမေ၊ ပြည်သူကို စော်ကား ရမ်းကားနှိပ်စက်လွန်းတဲ့ ဒီစစ်ခွေးတွေကို အမြစ်ပြတ်အောင် တိုက်ထုတ်ရမှာက ပြည်သူကဖွား ပြည်သူ့စစ်သား အမေ့ရဲ့သား အားလုံးရဲ့ တာဝန်ပါဗျ ကျနော်တို့ခေတ် (၂၁) မှာမှ ကျနော်တို့မနိုင်ရင် စစ်ကျွန်ဘဝနဲ့ တတိုင်းပြည်လုံး ဆွေစဉ်မျိုးဆက်အလိုက် နစ်မြုပ်ရတော့မှာ အမေ၊ ဒါကြောင့် GZ တွေအားလုံး တကိုယ်တအား တတ်စွမ်းသမျှ အရေးကြီးဆုံး ဒီအချိန်မှာ ခိုနေရှောင်နေလို့မဖြစ်ဘူး၊ ဒီစစ်ခွေးတွေ အာဏာရူးတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် မောင်းထုတ်ပစ်ရမယ် အမေ၊ ကျနော်တို့ နိုင်တဲ့အချိန် အောင်ပွဲက ပြန်လာတဲ့ အချိန်ကြရင်သာ အမေပေးတဲ့ အောင်ပန်းတခက်ကို သားမျှော်နေမယ် အောင်ပန်းလေးတော့ ကမ်းဖြစ်အောင် ကမ်းလှည့်ပါ ‘’ ဟု ပြောလိုက်ချိန်တွင် မိခင်ဖြစ်သူမှာ ဝမ်းသာဝမ်းနည်းသနား ဂရုဏာစိတ်ကို ထုံမွှမ်းလျက် ရသ ပေါင်းစုံခြယ်မှုန်းထားသော မျက်နှာကြီးဖြင့် သားရယ် ငါးတစ်ကာချေး ပုဇွန်ဆိတ်ခေါင်းစု ဆိုတာမျိုးလို ခေတ်အဆက်ဆက် ပြည်သူတွေ အညံ့ခံခဲ့သမျှ သားတို့လက်ထက်သားတို့ ခေတ်ရောက်မှ စုပုံလုံးကျ ဖြစ်နေပါရော့လားသားရယ် အမေဝမ်းသာတယ် ဂုဏ်ယူတယ်သား ဒါပေမဲ့သား အမေ့ဘက်လည်းကြည့်ပါဦး အမေကလေ သွေးနဲ့သားနဲ့ တည်ဆောက်ပြီး ကိုးလလွယ် ၁၀ လ ဖွားခဲ့ရတာပါ သားကို နှမျောတယ် မခွဲနိုင်ဘူး မခွဲချင်ဘူး… အေး… ဒါပေမဲ့ ဒီတိုင်းပြည်ထဲမှာ အားလုံးအတွက် တိုင်းပြည်အတွက် သားကောင်း ရတနာတွေ မွေးထုတ်လှူဒါန်းပေးနေတဲ့ အမေ့လို မိခင်တွေ အများကြီးရှိနေမှာပါ ‘’ ဟု ပြောလျက်နှင့် ထိုင်ခုံရှည်ပေါ်မှ လျောချပြီး သားဖြစ်သူကို ပွေ့ဖက်ရင်း ငိုတဖက် ပြုံးမျက်နှာဖြင့် သားအောင်ပွဲကပြန်လာတဲ့ အချိန်ကြရင်လေ အောင်ပန်းတွေ တပွေ့တပိုက်ကြီးနဲ့ အမေကြိုနေမယ်နော် ဟု အမေဖြစ်သူမှ သားကို ပြောနေလေသည်။

ဤသို့နှင့် သားဖြစ်သူမှာ အံကိုတင်းတင်းခဲလျက် မိခင်၏ မေတ္တာကြိုးနှောင်မှ ရုန်းထကာ တိုက်ပွဲခေါ်ရာ ရှေ့တန်းဆီးသို့ ထွက်ခွာသွားလေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required