အောက်တိုဘာလအတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရဟု BWU ထုတ်ပြန်

By မဇ္ဈိမ 
03 November 2023
အောက်တိုဘာလအတွင်း အမျိုးသမီး ၁၂ ဦး သတ်ဖြတ်ခံရဟု BWU ထုတ်ပြန်

အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၁ဝ ဦး ဖမ်းဆီးထောင်ချခံခဲ့ရ တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီထဲက အသက်ဆုံးရှုံးရတဲ့ အမျိုးသမီး (၅) ဦး ဟာ အကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူနေအိမ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လက်နက်ကြီး ထိမှန်ကာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် အမျိုးသမီး (၄) ဦး ကတော့ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခြင်းကြောင့်အသက်ဆုံးရှုံးခဲရပြီး နောက်ထပ် (၁) ဦးကတော့ ဖမ်းဆီးခံရစဉ်အတွင်း သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

နောက်အမျိုးသမီး (၁) ဦး ကအကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ မိုင်းကိုနင်းမိခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကျန်  (၁) ဦးကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝငတွေရဲ့ လည်ပင်းညစ်သတ်ခြင်းကြောင့်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကာလအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အမျိုးသမီး ဆယ်ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်းနဲ့ စစ်တပ်အာဏာသိမ်းချိန်ကနေ အခု အောက်တိုဘာလအထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ရပြီးပြီလို့ လည်း BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကနေ အခု ၂၀၂၃ အောက်တိုဘာ ၂၆ ရက်နေ့အထိ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီး ၃၂၃၂ ဦးရှိတဲ့အနက် ၆၆၈ ဦးဟာ ပြစ်ဒဏ်တွေချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့စာရင်းတွေနဲ့ သတင်းမီဒီယာတွေမှာ ရေးသားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံထားကြောင်းနဲ့ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခု နိုဝင်ဘာလ ၂ ရက်နေ့အထိ ပြည်သူ ၄၁၆၁ ဦး သေဆုံးခဲ့ပြီး အတည်ပြုရန်လိုအပ်နေတဲ့ စုံစမ်းဆဲ သတ်ဖြတ်ခံရသူဦးရေ ငါးရာ ဝန်းကျင်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ကြေညာထားပါတယ်။

အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ  တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ရာ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂  နာရီ ၂၀ မိနစ်အချိန် ဇွပ်အောင် စစ်ရှောင်စခန်း ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရမှာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ရက် မှ အောက်တိုဘာ ၃၁ရက်အထိ စာရင်တွေအရ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့်  အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ပြည်သူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားပါတယ်။ 
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly