တရုတ်-မြန်မာနယ်စပ်ရှိ ကြူကုတ်(ပန်ဆိုင်း)မြို့ကို MNDAA ထိန်းချုပ်ထား

By 009 (မဇ္ဈိမ)
03 November 2023
တရုတ်-မြန်မာနယ်စပ်ရှိ ကြူကုတ်(ပန်ဆိုင်း)မြို့ကို MNDAA ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း)မြို့ကို ကိုးကန့်တော်လှန်ရေးအဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ယမန်နေ့   နိုဝင်ဘာလ ၂ တွင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

စစ်ဆင်ရေး စတင်ခဲ့သည့်  အောက်တိုဘာလ ၂၇ ရက်ကတည်းက ကြူကုတ်(ပန်ဆိုင်း)မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို MNDAAက နေ့စဉ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလ ၃၁ တွင် မြို့ပေါ်ထိ ချင်းကပ်နိုင်ခဲ့ကာ ကြူကုတ်(ပန်ဆိုင်း)မြို့မ ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

 မြို့ပေါ် ရပ်ကွက် (၂) တွင် ခြေကုပ်ယူတပ်စွဲထားသည့် ကြူကုတ်(ပန်ဆိုင်း)မြို့နယ် စစ်တပ်စခန်းကြီးကို နိုဝင်ဘာ ၁ ရက်  မွန်းလွဲပိုင်းမှ ညသန်းခေါင်အထိ MNDAAဘက်က တိုက်ခိုက်သိမ်းယူကာ တပ်စွဲထားခဲ့သည်။ ထိုနောက် ယမန်နေ့တွင်  ကြူကုတ်(ပန်ဆိုင်း)မြို့ထဲ၌  စစ်ကောင်စီတပ်နှင့် ရဲစခန်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံးမရှိတော့ဘဲ မြို့ကို MNDAAဘက်က ထိန်းချုပ်ထားကြောင်း  မြို့ခံများက အတည်ပြုသည်။ 

“ တမြို့လုံး ကိုးကန့်စစ်သားတွေ နေရာယူထားလိုက်ကြပြီ။ ရဲစခန်းရော စစ်တပ်စခန်းမှာရော သူတို့ ထိုင်လိုက်ပြီ။ နယ်စပ်ဂိတ်တွေကတော့ ပိတ်ထားတယ်။ မြို့ကို ထိန်းချုပ်လိုက်တဲ့ သဘောပဲလေ “ဟု  ကြူကုတ်(ပန်ဆိုင်း)မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်   ကြူကုတ်(ပန်ဆိုင်း)မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ဖော်ပြထားပြီး စစ်ကောင်စီ၏  ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ကြူကုတ်(ပန်ဆိုင်း)မြို့က စစ်ကောင်စီ  တပ်စခန်းများ ဆုံးရှုံးလိုက်ရကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် နိုဝင်ဝင်ဘာ ၁ က  သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင်ထုတ်ပြောခဲ့သည်။

မြန်မာ့ပို့ကုန် ၉၀ ရာခိုင်နှုန်းခန့် ကုန်သွယ်လျက်ရှိသည့် မူဆယ်မြို့နယ်ထဲက ဂိတ် နှစ်ခုသည်  မူဆယ်မြို့ရှိ ဝမ်တိန်ဂိတ်နှင့် ကြူကုတ်(ပန်ဆိုင်း)မြို့ရှိ ကျင်စန်းကျော့ဂိတ်တို့ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ကြူကုတ်(ပန်ဆိုင်း)မြို့သည်  အရေးကြီးသည့်  နယ်စပ်မြို့တခုဖြစ်သည်။

MNDAAက ကြူကုတ်မြို့ကို စီးနင်းတိုက်ခိုက်ခဲ့သည့် နိုဝင်ဘာ ၁ ရက် မနက် ၉ နာရီခန့်တွင်  စစ်ကောင်စီဘက်က လေကြောင်းဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့၍  မြို့ပေါ် လူနေအိမ် ၁၀လုံး ထပ်မနည်းထိခိုက်ပျက်စီးခဲ့ပြီး  အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာကြောင့် ကိုယ်ဝန်ပျက်ကျခဲ့သည်။  ထိုဖြစ်ရပ်အပြီး အိမ်ခြေ ၁,၀၀၀ 
ကျော်မှ ဒေသခံများသည် တရုတ်နယ်စပ် ဝမ်တိန်မြို့သို့ ထွက်ပြေးတိမ်ရှောင်နေကြသည်။ 
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသူ ၁၀ ဦးခန့်ရှိနေပြီး စားနပ်ရိက္ခာ ပြတ်တောက်တော့မည့် အခြေအနေ ရောက်နေကြောင်း စစ်ရှောင် အမျိုးသမီးတဦးက ပြောသည်။

“ ကျွန်မမှာ ဆန် သုံးပြည်ပဲ ကျန်တော့တယ်။ ဒီဆန်ကုန်သွားရင် ဘယ်လို လုပ်ရမလဲ မတွေးတက်တော့ဘူး။ ကလေးတွေကိုပဲ ပုံမှန်ကျွေးတာ ကျွန်မတို့တော့ မနက်စာနဲ့ နေလယ်စာကို တနပ်ပဲစားတယ်။ ကျွန်မထပ် အခြေအနေ ဆိုးတဲ့သူတွေလည်း အများကြီးရှိနေတယ် “ ဟု ၎င်းကဆိုသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသူ လူဦးရေ ၃၀,၀၀၀ ကျော်အထိတိုးလာပြီး အကူအညီများ လိုအပ်နေကြောင်းကို စစ်ရှောင်အရေး ဆောင်ရွက်နေသူများက ဆိုသည်။ ။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏  စစ်ဆင်ရေးသည်  လက်ရှိတွင် စစ်ကောင်စီ၏  တပ်စခန်းပေါင်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ်(ပန်ဆိုင်း)မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly