၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားပြောဆိုသူ ၅ ဦး အဖမ်းခံရ

By 008 (မဇ္ဈိမ)
03 November 2023
၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားပြောဆိုသူ ၅ ဦး အဖမ်းခံရ

၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ရေးသားပြောဆိုသည့် နွားထိုးကြီးမြို့ခံ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးအနီးရှိ လက်ဘက်ရည်ဆိုင်တွင်ထိုင်နေသည့် မြို့ခံငါး ဦးကို ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း လူမှုကွန်ရက်တွင် ဖြန့်ဝေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး လုပ်တဲ့သူတွေ မဟုတ်ပါဘူး။ ဖုန်းထဲရေးတယ်ဆိုတာကလည်း “ ၁၀၂၇ စပြီတဲ့ ငြိမ်းချမ်းပါစေ” အဲဒါလေးပဲ။ နာမည်တော့ ထည့်ပြောလို့မကောင်းဘူး။ တယောက်ကရေးတယ်၊ လေးယောက်က အဲဒါ လေးရှဲလိုက်တာ အခုလို အဖမ်းခံရတဲ့အထိဖြစ်သွားတာ။ ကျွန်တော့် မိတ်ဆွေတွေအတွက် စိတ် မကောင်း ဘူး” ဟု နွားထိုးကြီးမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ၏ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ပြီး ဖုန်းများသိမ်းဆည်း သွားကာ လက်ရှိတွင် အဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များမှာ အဆက်အသွယ်မရသေးကြောင်း သိရသည်။

“အဖမ်းခံထားရတဲ့ထဲက တယောက်က မြို့နယ်အုပ်ကြီးနဲ့က ဖေ့စ်ဘုတ်မှာ မိတ်ဆွေဆိုတော့ သူတို့တင်တာမြင်ပြီး စကစအလိုကျ မျက်နှာလိုမျက်နှာရ ဖမ်းတယ်လို့ မြင်တယ်” ဟု အခြားမြို့ခံတဦးကလည်း သုံးသပ်သည်။

စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရန်နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က အောက် တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ရေး အရှိန်ပြင်းထန်နေကာ စစ်ကောင်စီ တပ်ဖွဲ့များအထိနာပြီး စခန်းများအသိမ်းခံရသည်မှာ ၉၀ နီးပါး ရှိနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly