တောပုပျူရွာမှ လက်နက်ကြီးဖြင့်ပစ်ရာ အမျိုးသမီး ၄ ဦးနှင့် ကလေးငယ် အပါအဝင် လူ ၇ ဦးဒဏ်ရာရ

By ပါခွီး(မဇ္စျိမ)
03 November 2023
တောပုပျူရွာမှ လက်နက်ကြီးဖြင့်ပစ်ရာ အမျိုးသမီး ၄ ဦးနှင့် ကလေးငယ် အပါအဝင် လူ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပု(ပျူစောထီး) ရွာမှ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အနီးရှိ ကြာပိုင်ရွာမှ အမျိုးသမီးလေးဦး ၊ ကလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်စွဲလေ့ရှိပြီး စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များ စခန်းချထားလျက်ရှိသည့် ပျူစောထီးရွာမှ အောက်တိုဘာလ ၂၉ရက် သီတင်းကျွတ်လပြည့်ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပစ်ခတ်မှုကြောင်း အသက် ၃၈နှစ် ၊ အသက်၄၈နှစ် ၊ အသက်၅၆နှင့် အသက် ၇၀ နှစ်အရွယ် အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့ပြီး ရှရ်နှစ်အရွယ် ကလေးတစ်ဦး ၊ အသက် ၃၈နှစ်နှင့် အသက် ၅၂နှစ်အရွယ်အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲလည်းဖြစ်တာမရှိဘူးဗျ ၊ အကြောင်းမဲ့သက်သက် ပစ်တာ၊ ကျနော် သိလိုက်တာတော့ လက်နက်ကြီး နှစ်လုံးပေါက်ကွဲခဲ့တာကြောင့် အခုလိုဖြစ်တာ” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ဒဏ်ရာရရှိသူထဲမှ အသက် ၃၈နှစ်အရွယ်အမျိုးသားတဦး နိုဝင်ဘာလ ၁ ရက်နေ့ တွင် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ကြောင်းနှင့် ကျန်သူများမှာ အသက်စိုးရိမ်စရာမရှိသော်လည်း လက်မောင်းနှင့် ခြေထောက်များတွင် ဒဏ်ရာကြီးမားသဖြင့် မုံရွာဆေးရုံသို့ တင်ပို့ကုသနေရကြောင်း  ဆိုသည်။

တောပုကျေးရွာမှ ပျူစောထီးများသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင် လိုက်ပါခြင်း ၊ မုံရွာ - မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly