နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
02 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    ပဲခူးတိုင်းအနောက်ခြမ်း ၊ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ၄၀ မမ M79 လောင်ချာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ပြည်ခရိုင် ၊ တပ်ရင်း-၃၆၀၂ မှ သတင်းထုတ်ပြန် လိုက်သည်။
•    "တစ်နိုင်ငံလုံးအနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေး အင်အား စုများက စစ်ဘောင်ချဲ့ပြီးတိုက်ကွက်ဖော်နေသည့်အတွက်ကြောင့် အကြမ်းဖက် စစ်တပ်၏ စခန်းများက ပိတ်ဆို့ခံထားရပြီး ခဲယမ်းရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ ကပြောသည်။
•    အကြမ်းဖက်စစ်တပ်က ရိက္ခာနှင့် ခဲယမ်း ထောက်ပို့လမ်းကြောင်းများကို ပိတ်ဆို့ထားနိုင်ပြီး လေကြောင်းက ချပေးသည့် ရိက္ခာနှင့် ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောသည်။
•    ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ရွာနှင့် အုမ္မတီးရွာကြားက စခန်းချနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို TNLAနှင့် မန္တလေးPDFက ပူးပေါင်းတိုက်ခိုက်နေပြီး ဖမ်းမိသည့် အကြမ်းဖက် စစ်သားများကို ဆေးကုသမှုပေးနေရကြောင်း MDY-PDFက ထုတ်ပြန်သည်။
•    ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ နှင့် အကြမ်းဖက်ရန်သူ့တပ်တို့ အကြား အောက်တိုဘာလ တိုက်ပွဲအတွင်း ရန်သူ့တပ်စစ်ကြောင်းမှူးအပါအဝင် ၈၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ (စစ်ရုံးချုပ်) ထုတ်ပြန်သည်။
•    အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့၏ ပူးပေါင်းအရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် အပေါ် ကြိုဆိုထောက်ခံကြောင်း CRPH ကထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    တနင်္သာရီတိုင်း ၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက်၊ အကြမ်းဖက်စစ်တပ်၏ အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား ၂ ဦးက တနင်္သာရီမြို့နယ် ကာကွယ်ရေးတပ်ရင်းနှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ တပ်ရင်း (၂) ရဲ့ တပ်ခွဲ (၁) ထံ အလင်းဝင်ရောက် လာခဲ့ကြောင်း  တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားသည်။
•    ညီနောင်မဟာမိတ် (၃)ဖွဲ့ နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်း ပါဝင်တိုက်ခိုက်နေသည့် ဗမာ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(BPLA) မှ ကျဆုံးသွားတဲ့ ရဲဘော်(၄)ဦးအတွက် အာဇာနည် အဖြစ် သတ်မှတ်အလေးပြုပြီး၊ သေနတ်ပစ်ဖောက်ကာ ဂုဏ်ပြုခြင်းတို့ကို BPLA ကွပ်ကဲရေးရုံးက နိုဝင်ဘာ ၁ ရက် မှာပြုလုပ်ခဲ့သည်။
•    အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း MOGE ကို အမေရိန်ကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး လေ့လာ စောင့် ကြည့်ရေး အဖွဲ့ (HRW) က ကြိုဆိုကြောင်း ထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပု(ပျူစောထီး) ရွာမှ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အနီးရှိ ကြာပိုင်ရွာမှ အမျိုးသမီးလေးဦး ၊ ကလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံက ပြောသည်။ 
•    စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ တွင် ရေဦးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး တဦးသေဆုံးကာ သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
•    ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း ရေးသားပြောဆိုသည့် နွားထိုးကြီးမြို့ခံ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
•    မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်က ငါးလုံးပြွန်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။
•    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာသွားကြောင်း မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
•    ကချင်ပြည်နယ် ဖားကန့်မြို့တွင် နိုဝင်ဘာ ၂ ရက်နေ့က ဖားကန့်၊လုံးခင်း ၊ဆိုင်းတောင် ၊ဝှေခါ သပိတ် အင်အားစုများက “ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကျွန်ဘဝ က လွတ်အောင်ရုန်းစို့ “ စာတန်းကို ဖားကန့် မြို့ နေရာ အနှံ့ချိတ်ဆွဲကာ NUG ၊မြောက်ပိုင်းညီနှောင် မဟာမိတ် သုံးဖော်၊ KIA ၊PDF ၊ KNU နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသော စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
•    မြန်မာအခြေအနေကို စောင့်ကြည့်နေပြီး နှစ်နိုင်ငံ နယ်စပ် တည်ငြိမ် လုံခြုံမှုရှိစေရန် အဖြေရှာ ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက တိုက်တွန်းလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး ကြည်းကြောင်း၊လေကြောင်းများက စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုများ ရှိလာရင် တုံ့ပြန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)က နိုဝင်ဘာ ၁ ရက် နေ့က ထုတ်ပြန် လိုက်သည်။
•    ပြင်ဦးလွင်မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို နောင်ချိုမြို့အနီး အုမ္မတီးလမ်းပိုင်းတွင် TNLA နှင့် မန္တလေး PDFက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ယာဉ်တန်းရှေ့ဆက်မတိုးနိုင်သေးကြောင်း PDF နှင့် ဒေသခံများက ပြောသည်။
•    ၁၀၂၇ စစ်ဆင်ရေး (၇) ရက်မြောက်နေ့ဖြစ်သည့်  နိုဝင်ဘာလ ၂ ရက်နေ့တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန်းနီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ညီနောင်မဟာမိတ်များကနေ အလုံးစုံ ထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
•    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အနေဖြင့် ၎င်းတို့၏ အလုပ်တာဝန်များမှ ရပ်စဲနုတ်ထွက်ရန် ကရင်အမျိုးသား ကာကွယ်ရေး တပ်အဖွဲ့ (KNDO) တပ်ရင်း(၃)က သတိပေးထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ
•    မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ Operation 1027 အောက်တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြုကုတ် မြို့များ ကို လက်လွှတ်လိုက်ရသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ဝန်ခံပြောကြားလိုက်သည်။
•    မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့်အတွက် မိမိတို့၏ အချုပ် အခြာအာဏာ နယ်မြေဒေသများကို အစွမ်းကုန်ကြိုးစားကာကွယ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။
•    မြန်မာ့စက်မှုကုန်ချောတင်ပို့မှုမှ ပို့ကုန်ရငွေဟာ မနှစ်ကထက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည့် စာရင်းအရ သိရသည်။
•    နေပြည်တော်ရှိ ဈေးများက ယာယီချိတ်ပိတ်ထားသည့် ဆိုင်ခန်းများကို ကော်မတီပိုင်ဆိုင်ခန်းများ အဖြစ် ပြန်လည်သိမ်းယူမှာဖြစ်ကြောင်း ဈေးများဌာန၏ ယနေ့ထုတ်သတင်းစာတွင် ကြေညာထားသည်။
နိုဝင်ဘာ ၂ ရက် သုံးသပ်ချက်
•    အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးကာ မြို့များ သိမ်းပိုက်ခံထားရကြောင်း ဝန်ခံပြောဆို နေရသည့် အခြေအနေမျိုးရောက်နေသည်ကို ကြည့်ပါက မြေပြင်တွင် အခြေအနေဆိုးရွာစွာ စစ်ကောင်စီတပ် တပ်ပျက်နေဖွယ်ရှိနေသည်။
•    ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်အရှိန်ကောင်းနေဆဲဖြစ်ပြီး မြို့လေးမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ထား သည့်အပြင် တခြားမြို့များ စစ်ကောင်စီစခန်းများကို စိုးမိုးသိမ်းပိုက်နိုင်ထားသည်ကို တွေ့ရသည့်အတွက် စစ်ကောင်စီအတွက် နယ်မြေများ ကျဉ်းမြောင်းလာသည်ကို တွေ့ရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly