ကျောက်ကြီးနှင့်နတ်သံကွင်းမှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ နုတ်ထွက်ရန် KNDO သတိပေး

By YT (မဇ္ဈိမ)
01 November 2023
ကျောက်ကြီးနှင့်နတ်သံကွင်းမှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ နုတ်ထွက်ရန် KNDO သတိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ၎င်းတို့​၏ အလုပ်တာဝန်များမှ ရပ်စဲနုတ်ထွက်ရန် ကရင်အမျိုးသားကာကွယ်ရေးတပ်အဖွဲ့ (KNDO) တပ်ရင်း(၃)က သတိပေးထုတ်ပြန်လိုက်သည်။ 

အောက်တိုဘာလ ၃၀ ရက်နေ့က KNDO တပ်ရင်း(၃) စစ်ကြောင်းမှူး စောလှရွှေဟဲ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် အချက်သုံးချက်ပါဝင်ပြီး အဓိကအားဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေးယန္တရားများအောက် အလုပ်လုပ်နေသည့် ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ခံများအနေဖြင့် တာဝန်မှရပ်စဲရန်၊ အခြားဒေသမှ လာရောက်တာဝန်ထမ်းဆောင်သူများအနေဖြင့် တာဝန်မှရပ်စဲ၍ မိမိ သက်ဆိုင်ရာဒေသများသို့ ပြန်ကြရန် ပြောဆိုထားခြင်းဖြစ်သည်။ 

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းများအနေဖြင့် KNDO တပ်ရင်း(၃) ၏ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား တာဝန်ယူမည် မဟုတ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။ 

ထို့ပြင် ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့တို့တွင် KNU က ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ရေး လုပ်ဆောင်လျက်ရှိနေပြီး ဒေသခံများအနေဖြင့်လည်း စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်ပတ်သက်ခြင်းမပြုရန် KNU တပ်မဟာ(၃) လယ်ဒိုကော်ဆာ(ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေး အတွင်းရေးမှူး) စောဝါးစေး​၏ လက်မှတ်ဖြင့် KNU ဗဟိုက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

" အဓိက အေးချမ်းမှူပဲ။ သူတို့အုပ်ချုပ်လို့ ပြည်သူတွေ အေးအေးချမ်းချမ်း ကူသန်းသွားလာခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်တွေရရင် ကြိုဆိုပါတယ်။ ကိုယ်တွေက စစ်အာဏာရှင်ကို တော်လှန်တဲ့သူမှန်သမျှကို မိတ်ဆွေပဲ" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ KNU တပ်မဟာ(၃)၊ KNDO တပ်ရင်း(၃) တာဝန်ရှိသူများကို မဇ္ဈိမမှ ဆက်သွယ်နေဆဲဖြစ်သည်။ 

ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းတည်ရှိသဖြင့် အဆိုပါဒေသများအတွင်း စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#KNDO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly