ထန်တလန်မြို့ကို စစ်ကောင်စီ မထိန်းချုပ်နိုင်သေး၊ သတင်းမှားများဖြင့် လုပ်ကြံဝါဒဖြန့်နေဟုဆို

By ပါခွီး (မဇ္ဈိမ)
01 November 2023
ထန်တလန်မြို့ကို စစ်ကောင်စီ မထိန်းချုပ်နိုင်သေး၊ သတင်းမှားများဖြင့် လုပ်ကြံဝါဒဖြန့်နေဟုဆို
ပုံအညွှန်း  - မီးလောင်ကျွမ်းခဲ့သည့် ထန်တလန်မြို့  (ပုံဟောင်း)

ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့များမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများပြန်လာနိုင်ရေး စီမံဆောင်ရွက်နေကြောင်း ထုတ်ပြန်မှုသည် လုပ်ကြံသတင်းများနှင့် ဝါဒဖြန့်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးရဲဘော်များကပြောသည်။ 
 
စစ်ကောင်စီတပ်က ဩဂုတ်လမှ စတင်ကာ ဟားခါး - ထန်တလန်ကြားမှသီးမြစ် ချောင်းကူးတံတား ၊ ၎င်းမှ တဆင့် ထန်တလန်မြို့အဝင် ၊ တတိယအနေဖြင့် ပြည်သူ ဆောက်လုပ်ရေးနှင့် CB ဘဏ်နေရာ ၊ စတုတ္ထအနေဖြင့် ဆေးရုံကုန်းနှင့် အခြေခံ ပညာကျောင်းတို့ကို ရက်ပေါင်း ၉၀ခန့်အကြာ တိုက်ခိုက်ပြီးနောက်   ထန်တလန်တမြို့လုံးကို အပြီးတိုင်ထိန်းချုပ်နိုင်ခဲ့ကြောင်း အောက်တို့ဘာလ၃၀ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုထုတ်ပြန်ချက်သည် မှားယွင်းပြီး လုပ်ကြံသတင်းဖြစ်ကြောင်း 
CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။

“ထန်တလန်မြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ကျနော်တို့အကြားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲမဖြစ်တာ တလနီးနီးရှိနေပြီ။ သူတို့နဲ့ ကျနော်တို့ ဒီနေ့အထိ ထန်တလန်မြို့ထဲမှာပဲ တပ်စွဲထားတယ်။ အဲဒါ(စစ်ကောင်စီထုတ်ပြန်ချက်) သူတို့ရဲ့ လုပ်ကြံသတင်းနဲ့ ဝါဒဖြန့်နေတာဖြစ်တယ်” ဟု ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦး‌ဆောင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် အထိနာနေသည့် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျမည်စိုး၍ ထန်တလန်မြို့သတင်းကို လိမ်လည် ထုတ်ပြန်နေခြင်းဟု ချင်းကာကွယ်ရေးရဲဘော်အချို့ကသုံးသပ်သည်။

" သတင်းအမှားထုတ်ချင်လို့နေမှာပါ။ သူ့လူတွေကို မိုတီပေးချင်လို့နေမှာပါ" ဟု CDF – Mindatစစ်ဒေသမှူးဆလိုင်း နိုင်းတမ်က ပြောသည်။

လတ်တလော၌ ထန်တလန်မြို့အတွင်းတွင် စစ်ကောင်စီတပ်က အထိုင်စခန်းအပြင် လေးနေရာ၌ တပ်စွဲထားပြီး CNAနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlangက  မြို့ဧရိယာ၏ တဝက်ခန့်ကို နေရာယူ တပ်စွဲထားကြောင်း လက်ရှိအခြေအနေကို ဆလိုင်းထက်နီကပြောသည်။

ထန်တလန်မြို့ကို သိမ်းပိုက်ထိန်းချုပ်ရာတွင် ချင်းတပ်ဖွဲ့များထံမှ လက်နက်ကြီးငယ်များ၊ အလောင်းများ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အလောင်းနှင့် သေနတ်ပုံများမှာ ၎င်းတို့ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်း နှင့် လက်နက်များဖြစ်သော်လည်း ထန်တလန်တိုက်ပွဲမှမဟုတ်ဘဲ လွန်ခဲ့သည့် ငါးလ ကျော်ခန့်က ဟားခါး - ထန်တလန် အကြားရှိ လုံခါရ်တိုက်ပွဲမှ ပုံဟောင်းများနှင့် လိမ်လည် ထုတ်ပြန်ခြင်းဟု ဆလိုင်းထက်နီ က ဆက်ပြောသည်။

ထန်တလန်မြို့ရှိ လူနေအိမ်များကို ချင်းတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယခုအခါ ဒေသခံများပြန်လည်အခြေချနိုင်ရေးအတွက် ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ဟု စစ်ကောင်စီသတင်းက ဆိုသည်။ ထိုသတင်းကို CNA က ပြတ်ပြတ်သားသား ငြင်းဆန်သည်။

“ ကျနော်တို့ကိုယ်တိုင် ချွေးနှဲစာနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ကို ကျနော်တို့ က ပြန်ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုမှ ယုံနိုင်စရာမရှိပါဘူး။ တပြည်လုံးအတိုင်း အတာနဲ့ မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို လူထုတရပ်လုံးနဲ့ တကမ္ဘာလုံးက သိနေတဲ့ ကိစ္စ။ ထန်တလန်ကျမှ ကျနော်တို့ကို အကြမ်းဖက်အဖြစ်စွပ်စွဲပြီး မီးရှို့တယ်ဆိုတာ ယုတ္တိယုတ္တာမရှိပါဘူး။ အဲဒါကို သွားယုံနေရင် ယုံတဲ့သူက စကစရဲ့ အပေါင်းအပါတွေပဲ ဖြစ်မှာပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုသည်။

ထန်တလန်မြို့တွင် စတင်တိုက်ပွဲဖြစ်ပွားချိန်က စစ်ကောင်စီတပ်မှ လက်နက်ကြီး လောင်ချာများဖြင့် ပစ်ခတ်သဖြင့် လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရပြီး လေယာဥ်ဖြင့် ဗုံးကြဲတိုင်း အဆောက်အဦများ မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်

ထန်တလန်မြို့သည်  လူဦးရေ ၁၀,၀၀၀ ခန့်နှင့် နေအိမ် ၂,၀၀၀ ခန့်ရှိသော မြို့ဖြစ်သည် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဖက်သို့  စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ယနေ့အထိ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဦးဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကို အားရကြိုဆိုထောက်ခံကြောင်းနှင့် အောင်ပွဲရနေသည့် စစ်ရေးနည်းဗျူဟာများအပေါ် လေးစားကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။

စာတည်း - အေးချမ်း
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
#Mizzima
#ထန်တလန်မြို့
#စစ်ကောင်စီလုပ်ကြံသတင်း
#ချင်းအမျိုးသားတပ်မတော်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly