ဆီးရီးယားသို့ခြေလျင်တပ်များ စေလွှတ်မည်မဟုတ်ဟု အိုဘားမား ပြော

ဆီးရီးယားသို့ခြေလျင်တပ်များ စေလွှတ်မည်မဟုတ်ဟု အိုဘားမား ပြော

လန်ဒန်၊ ဧပြီ၊ ၂၄ ။            ။ ဆီးရီးယားသို့ ခြေလျင်တပ်များစေလွှတ်သွားမည် မဟုတ်ကြောင်းနှင့် ဆီးရီးယားအရေးကို စစ်ရေးနည်းလမ်းတစ်ခုတည်း ဖြင့်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။

'' အမေရိကန်ပြည်ထောင်စုပဲ ဖြစ်ဖြစ်၊ ဂရိတ်ဗြိတိန်ပဲဖြစ်ဖြစ် ဆီးရီးယားကို ခြေလျင်တပ်တွေစေလွှတ်ပြီး အာဏာရှင် အာဆတ်ကို ဖြုတ်ချဖို့လုပ်ခဲ့ရင် အမှားကြီးမှားသွားပါလိမ့်မယ် '' ဟု အိုဘားမားက လန်ဒန်မြို့သို့ရောက်ရှိစဉ်တွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူ၏ကျန်ရှိသည့် သမ္မတသက်တမ်း ၉ လတာအတွင်းတွင် ISIS အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနိုင်လိမ့်မည်ဟု မထင်ကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

ဆီးရီးယားအရေးမှာ ဝမ်းနည်းစရာကောင်းလောက်အောင်ပင် အလွန်တရာရှုပ်ထွေးလျှက်ရှိနေပြီး အားလုံးကို ရိုးရှင်းသည့် ဖြေရှင်းနည်းတစ်ခုတည်းနှင့်   ဖြေရှင်းနိုင်လောက်မည့်   ပြဿနာမျိုးမဟုတ်ကြောင်း ဗြိတိန်သို့ ၃ ရက်ကြာ အလည်အပတ်ခရီးသွားရောက်ခဲ့သည့် အိုဘားမားက ပြောကြားသည်။

အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းထိုးစစ်များသည် IS အကြမ်းဖက်အဖွဲ့သိမ်းပိုက် ထားသည့်နေရာများကို ပစ်မှတ်ထားဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ဥရောပသို့ အကြမ်းဖက်သမားများ စေလွှတ်နေသည့် ယင်းနေရာများကို ဆီးရီးယားနိုင်ငံ၏အခြားအစိတ်အပိုင်းများနှင့် အဆက်အသွယ်ဖြတ်တောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း အိုဘားမားက ပြောကြားသည်။

သို့သော် ဆီးရီးယားအရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ရုရှား၊အီရန် တို့အပါအဝင် အားလုံးကပါဝင်ပြီး ဘက်ပေါင်းစုံမှဖိအားပေးသွားရန်လိုအပ်ကြောင်း မစ္စတာအိုဘားမားက ပြောကြားခဲ့သည်။

လွန်ခဲ့သော ၅ နှစ်ခန့်မှ စတင်ဖြစ်ပွားခဲ့သည့် ဆီးရီးယားပဋိပက္ခအတွင်းတွင် သေဆုံးရသူအရေအတွက်မှာ ၂၅၀၀၀၀ အထိ ရှိသွားပြီဖြစ်ပြီး သန်းနှင့်ချီသောလူများလည်း စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly