နွေဦးတော်လှန်ရေး ရက် ၁,၀၀၀ ပြည့် ဂျပန်ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

By ကီရာ(မဇ္ဈိမ)
01 November 2023
နွေဦးတော်လှန်ရေး ရက် ၁,၀၀၀ ပြည့် ဂျပန်ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အာဏာအလုခံရခြင်း နွေဦးတော်လှန်ရေး ရက် ၁,၀၀၀ ပြည့်လှုပ်ရှားမှုအဖြစ် ဂျပန်ရောက်မြန်မာလူမျိုးများက  ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

တိုကျိုမြို့ရှိ ဟီဘိရ( Hibiya)ပန်းခြံအနီးတွင်  အောက်တိုဘာ ၂၉ရက် နံနက် ၁၁နာရီမှ နေ့လယ် ၁နာရီအထိ  ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် အာဏာအသိမ်းခံခြင်း သုံးနှစ်နီးပါးရှိနေသည့်အချိန်အထိ ဂျပန်ရောက်မြန်မာများ နွေဦးတော်လှန်ရေးကို သွေးမအေးသွားဘဲ စစ်ကောင်စီကို ဆက်လက်တော်လှန်နေသွားမည်ကို ပြသခြင်းဖြစ်သည်ဟု မီဒီယာတာဝန်ခံတဦးဖြစ်သည့် မခင်ဇေယျာက ပြောသည်။

“ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်နေတာတွေကို မပြုလုပ်ဖို့ကိုလည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။ ပြီးတော့ မီဒီယာတွေကနေတဆင့် ဂျပန်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းတွေကိုကော လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်တွေကို သိစေချင်ပါတယ်”ဟု မခင်ဇေယျာက ဆက်လက်ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် နွေဦးတော်လှန်ရေး ရက် ၁,၀၀၀ ပြည့်၊ တော်လှန်ခြင်းမှတပါး တခြားမရှိ၊ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် NUG ကို ထောက်ခံကြောင်း စာရွက်များကို ကိုင်ဆောင်၍ လူပေါင်း ၂,၀၀၀ ကျော်က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

စစ်အာဏာသိမ်းခြင်း ဆန့်ကျင်တော်လှန်မှုကို မြန်မာပြည်တွင်းသာမက ပြည်ပရောက် မြန်မာလူမျိုးများအားလုံး တက်တက်ကြွကြွပါဝင်လှုပ်ရှားနေခဲ့ကြပြီး အဆိုပါ လှုပ်ရှားမှုများတွင် ဂျပန်ရောက် မြန်မာများသည်လည်း ရှေ့တန်းက ပါဝင်ခဲ့ကြသည်ကို ပုံစံမျိုးစုံဖြင့် တွေ့မြင်ကြရမည်ဖြစ်သည်။

ယခုကဲ့သို့ ဂျပန်ရောက်မြန်မာများမှ နွေဦးတော်လှန်ရေးတွင် ဆက်လက်ပါဝင်နေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FWUBC)၏ ဥက္ကဋ္ဌ ဦးမြင့်ဆွေကလည်း အခြားနိုင်ငံရောက် မြန်မာပြည်ဖွားများကဲ့သို့ပင် ဂျပန်ရောက်မြန်မာများသည် အားမလျော့ဘဲ တော်လှန်ရေးတွင် ဆက်လက်ပါဝင်နေမည်ဟု မှတ်ချက်ပြုပြောကြားသည်။

“ နွေဦးတော်လှန်ရေးမှာ ဂျပန်ရောက်မြန်မာတွေ တော်တော်များများက အားမလျော့ဘဲ လှုပ်ရှားမှုတွေကို ကျရာနေရာတွေမှာ အသီးသီး လုပ်ဆောင်နေတာဟာ အခြားနိုင်ငံရောက် မြန်မာပြည်ဖွားတွေလိုပဲ လှုပ်ရှားမှုတွေကို အားမလျော့ဘဲ ဆက်လုပ်နေဦးမယ်လို့ ပြောရမှာပါပဲ”ဟု ဦးမြင့်ဆွေက မှတ်ချက်ပြုသည်။

လာမည့် ဒီဇင်ဘာလတွင်လည်း အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်သည် တိုကျို၊ အိုဆာကာရှိ ဂျပန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူများ ၊ အဖွဲ့အစည်းများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူများအား တွေ့ဆုံမှုကို လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly