ပြင်ဦးလွင်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အသင့်အနေထားဖြင့် လုံခြုံရေးယူထား

By 008 (မဇ္ဈိမ)
31 October 2023
ပြင်ဦးလွင်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ အသင့်အနေထားဖြင့် လုံခြုံရေးယူထား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုံစံအမျိုးမျိုးဖြင့် အသင့်အနေထား လုံခြုံရေး ယူထားသည်ကို မြင်တွေ့ရကြောင်း မြို့ခံတဦးက ပြောသည်။

နောင်ချိုမြို့နယ်အတွင်း၌ ညီနောင် မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာလ ၃၁ရက်တွင် ပြင်ဦးလွင်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးအပြည့် ယူထားခြင်းဖြစ်သည်ဟုဆိုသည်။

"သိသိသာသာကို လုံခြုံရေးက နေရာအနှံ့ကို ယူထားတာတွေ့ရတယ်။မြို့ကလည်း တိတ်ဆိတ်နေတယ်"ဟု မြို့ခံတဦးက ပြောသည်။

ပြင်ဦးလွင်-မိုးကုတ် လမ်းသစ်နှင့် ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၏ အနီးပတ်ဝန်းကျင်၊ ဝက်ဝံဂိတ်နှင့် ပိတ်ချင်းမြောင်ဘက်တို့တွင်လည်း လုံခြုံရေး အပြည့်ယူထားသည်ကို တွေ့ရကြောင်း မြို့ခံများကဆိုသည်။

"ဗိုလ်သင်တန်းကျောင်း၊နည်းပညာကျောင်း၊အရာရှိသင်တန်းကျောင်းတွေကို အချိန်မရွေး ဝင်စီးနိုင်တာပေါ့။အခုဖြစ်နေတဲ့ အုန်းမသီးတို့ ကျောက်ကြမ်းတို့ဆိုတာ ပြင်ဦးလွင်နဲ့ နီးနီးရယ်။မြို့လူထုကတော့ ဖြစ်မှာစိုးတာပေါ့။တချို့ မန္တလေးဆင်းနေတာတွေတောင်ရှိတယ်"ဟု မြို့ခံတဦးက သုံးသပ်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြင်ဦးလွင် မြို့ဝင်၊မြို့ထွက်များနှင့် မြို့ရှောင်လမ်းများတွင် လုံခြုံရေးယူထားပြီး အတက်အဆင်းယာဉ်များကိုလည်း တင်းကျပ်စစ်ဆေးနေကြောင်း သိရသည်။

"တင်လာတဲ့ ပစ္စည်းကအစ မေးပြီးစစ်တယ်။ကားတွေလည်း ဓါတ်ပုံရိုက်ယူထားတယ်"ဟု ကုန်တင်ယာဉ်‌မောင်းတဦးက ပြောသည်။

(၁၀၂၇)စစ်ဆင်ရေးအဖြစ် အောက်တိုဘာ လ၂၉ရက်တွင် မဟာမိတ်တပ်ပေါင်းစုနှင့် MDY PDFတို့ ပူးပေါင်းပြီး နောင်ချို-ပြင်ဦးလွင် သွားလမ်းဘေး၊နောင်ချိုမြို့အထွက် ကျောက်ကြမ်းကျေးရွာရှိ ခမရ (၁၁၄)တပ်ရင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်ရင်းကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိတွင် နောင်ချိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများမှာ မြို့ကိုစွန့်ခွာပြီး ရှောင်တိမ်းနေကြကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

"မနေ့ကတည်းက ထွက်နေကြတာပဲ။အခုကတော့ ရဲရော၊ထွေအုပ်ရော ဘယ်ဝန်ထမ်းမှ မရှိတော့ဘူး။အခုက ကာကွယ်ရေးတပ်တွေက မြို့ထဲတော့ မဝင်သေးဘူး။သူတို့ ထိန်းထားတဲ့သဘောပဲ"ဟု ဒေသခံတဦးက ပြောသည်။

ထိုသို့ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြင်ဦးလွင်မြို့ကို လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအပြည့် ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly