မီဇိုရမ်နှင့် မြန်မာကို ချိတ်ဆက်မည့် လမ်း ယခုနှစ် နိုဝင်ဘာတွင် ပြီးစီးမည်ဟု အိန္ဒိယဝန်ကြီး ပြော

မီဇိုရမ်နှင့် မြန်မာကို ချိတ်ဆက်မည့် လမ်း ယခုနှစ် နိုဝင်ဘာတွင် ပြီးစီးမည်ဟု အိန္ဒိယဝန်ကြီး ပြော

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်နှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ချိတ်ဆက်မည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအောက်ရှိ နယ်စပ်ဖြတ်ကျော် လမ်းဖောက်လုပ်မှု စီမံကိန်းသည် ယခုနှစ် နိုဝင်ဘာလတွင် ပြီးစီးလိမ့်မည် ဖြစ်သည်ဟု အိန္ဒိယ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နိတင် ဂတ်ကာရီက အောက်တိုဘာ ၃၀ ရက်တွင် ပြောသည်။

၂၆ ကီလိုမီတာ အရှည်ရှိ ထိုလမ်း စီမံကိန်းသည် ကုန်ကျစရိတ် ရူပီး ၁,၁၃၂ ကုဋေ (ဒေါ်လာ ၁၃၅ သန်းခန့်) ရှိကြောင်း ဂတ်ကာရီက ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ် မီဇိုရမ်၏ မာမစ်တ် ခရိုင် မဲဆန္ဒနယ်တခုရှိ လူထုစည်းဝေးပွဲတခု၌ ပြောကြားသည်။

“ကုလားတန် စီမံကိန်းအောက်မှာ ရှိတဲ့ ဒီလမ်းဟာ နိုဝင်ဘာမှာ ပြီးစီးပါလိမ့်မယ်။ အဲဒါက မြန်မာရဲ့ စစ်တွေဆိပ်ကမ်းနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည် ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးက ပြောသည်။

“အခြေခံအဆောက်အအုံ ကောင်းပါမှ ကျွန်တော်တို့ဟာ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရပါမယ်။ အဲဒီကနေတဆင့် အလုပ်အကိုင်တွေ ဖန်တီးနိုင်ပါမယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးရင်းနဲ့ ဆင်းရဲမွဲတေမှုကို ကျွန်တော်တို့ အမြစ်ဖြတ်နိုင်ပါလိမ့်မယ်။ ဒါက ဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်က အခြေခံ သဘောတရားဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ နာဂလန်း၊ မဏိပူရ် နှင့် မြန်မာ၏ နိုင်ငံတကာ နယ်နိမိတ်တို့နှင့်ကို ချိတ်ဆက်မည့် ရူပီး ကုဋေ ၂၀,၀၀၀ ရှိ လမ်းစီမံကိန်းတခုကို ဖော်ဆောင်ထားခဲ့ကြောင်း ၎င်းက နိုဝင်ဘာ ၇ ရက် မီဇိုရမ်လွှတ်တော် ရွေးကောက်ပွဲများမတိုင်မီ လူထုစည်ဝေးပွဲတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly