ရန်ကုန်၊ ဇူလိုင် ၂ ။ ။ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီက သတ်မှတ်လိုက်သည့် အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ရှစ်နာရီစာကို ၃၆၀၀ ကျပ် တပြေးညီပေးရန် အဆိုပြုလွှာအပေါ် လုပ်ငန်းရှင်များက ကန့်ကွက်လိုက်ပြီး တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် စက်ရုံ ၃၀ခန့်က စက်ရုံပိတ်သိမ်းသွားမည်ဖြစ်ကြောင်း တရုတ်စက်ရုံ ကိုယ်စားလှယ်တစ်ဦး က ပြောသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မဇ္ဈိမကို ပြောသည်။
"အစည်းအဝေးမှာ တရုတ်လုပ်ငန်းရှင်တစ်ယောက်က အဲ့လောက်ဆိုမပေးနိုင်ဘူး၊ စိတ်လည်းမကောင်းဘူးလို့ပြောတယ်။ သူတို့တွေလည်း ဒီနှုန်းထားပေါ်မှာ အရမ်းစိတ်ပူတယ်။ တကယ်လို့ ၃၆၀၀ဆိုရင် ၉လပိုင်းလောက်မှာ စက်ရုံတွေ ပိတ်သိမ်းတော့ မယ်လို့ ပြောတယ်"ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြန်လည်ပြောပြသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုသားကော်မတီက အနည်းဆုံး တစ်ရက်လုပ်အားခ ၃၆၀၀ သတ်မှတ်လိုက်သည့် အပေါ်လုပ်ငန်းရှင်းများက ဇူလိုင် ၂ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွင် အစည်းအဝေးလုပ်ကာ သဘောထား ထုတ်ပြန်ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင် လုပ်ငန်းရှင် ကိုယ်စားလှယ် ၂၀၀ကျော်က သဘောမတူကြောင်း လက်မှတ်ရေးထိုးကာ အလုပ်သမား ဝန်ကြီးဌာနသို့ နှစ်ပတ်အတွင်း ကန့်ကွက်စာ တင်သွားမည်ဖြစ်သည်။ အစည်းအဝေးတွင် ကိုယ်စားလှယ်များက ကျပ် ၃၆၀၀ မပေးနိုင်ကြောင်း လက်ထောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယခု ကန့်ကွက်ခံနေရသည့် အနည်းဆုံး တစ်နေ့လုပ်ခလစာ ၃၆၀၀ကျပ်ကို ဇွန်လ ၂၉ရက်က သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အလုပ်သမားများက တနေ့ ၄၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး အထည်ချုပ် လုပ်ငန်းရှင် များက တစ်နေ့ ၂၅၀၀ ပေးရန် အဆိုပြုခဲ့သည်။
ယခုသတ်မှတ်ချက်အပေါ် အလုပ်သမားများကလည်း ၎င်းတို့ တောင်းဆိုသည့် နှုန်းထားမဟုတ်၍ ကန့်ကွက်သွားရန် ရှိနေပြီး ဇူလိုင် ၃ရက်တွင် အစည်းအဝေး လုပ်သွားမည်ဟု အနည်းဆုံးလုပ်ခလစာသတ်မှတ်ရေး ကော်မတီမှ အလုပ်သမား ကိုယ်စား လှယ် ဦးအောင်းလင်းက ပြောသည်။
တနေ့လုပ်အားခ ကျပ် ၃၆၀၀အပေါ် ကန့်ကွက်ရန် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၊ စိုက်ပျိုးရေး လုပ်သားများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ်၊ ရေကြောင်း လုပ်သားများ အဖွဲ့ချုပ်၊ ရွေ့ပြောင်းအလုပ်သမားများ အဖွဲ့ချုပ်များက ဇူလိုင် ၃ရက်တွင် အစည်း အဝေးလုပ်ကာ ကန့်ကွက်ကြောင်း သဘောထား ကြေငြာချက် ထုတ်မည်ဖြစ်သည်။
အစိုးရက ယခု သတ်မှတ်ချက်ကို ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်မှုများ ရှိခဲ့ပါက ပြင်ဆင်သွားမည်ဖြစ်ပြီး ကန့်ကွက်မှု မရှိပါက အတည်ပြုသွားမည်ဖြစ်သည်။