ရန်ကုန်တိုင်း ပကဖ  ၄ ရက်အတွင်း စစ်ကောင်စီပစ်မှတ် ၇ နေရာ တိုက်ခိုက်

By ဂန္ဒမာ (မဇ္ဈိမ)
30 October 2023
ရန်ကုန်တိုင်း ပကဖ  ၄ ရက်အတွင်း စစ်ကောင်စီပစ်မှတ် ၇ နေရာ တိုက်ခိုက်
ပုံအညွှန်း - ရန်ကုန်မြို့ ၊ လမ်းမတခုပေါ်ရှိ စစ်ကောင်စီတပ်သားများကို မြင်တွေ့ရစဉ်(ပုံအဟောင်း)

ရန်ကုန်တိုင်းရှိ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(ပကဖ) များက အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်  အထိ လေးရက်အတွင်း စစ်ကောင်စီပစ်မှတ် နေရာ ခုနစ်ခုကို  တိုက်ခိုက်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက် ညကမူ လှိုင်သာယာ၊ အင်းစိန် ၊ လှိုင် နှင့် မြောက်ဒဂုံမြို့နယ်များတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့က မြို့ပြမှာ ရန်သူကို မောအောင် ပမ်းအောင် လုပ်မယ်ဗျ။ စစ်ခွေး(စစ်ကောင်စီတပ်)နိဂုံး ၂၀၂၃ ဆိုတာ အလကားမဟုတ်ဘူး။ တကယ်ဖြစ်လာတော့မှာပါ။ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ထိတ်လန့်တုန်လှုပ်လျက်ရှိပါတယ်” ဟု ဆိုသည်။ 

ယမန်နေ့ တိုက်ခိုက်မှုများအား  ည ၇ နာရီ ၃၀မိနစ် မှ ၈ နာရီ ၃၀ မိနစ် ဝန်းကျင်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် မြောက်ပိုင်းခရိုင် ပကဖများက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မိုးလုံလေလုံအားကစားကွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် ပြည်တော်သာလမ်းနှင့် ၁၄ လမ်းဆုံ ကျောက်ပြားလမ်းပေါ်ရှိ Star တာယာစက်ရုံရှေ့ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လှိုင်မြို့နယ် ပါရမီလမ်းရှိ တပ်ထိန်းတပ်ဝင်း လုံခြုံရေးဂိတ်ဝင်ပေါက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ပကဖ ရဲဘော်များက မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်၊ တံတားဖြူမှတ်တိုင်အနီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဝေးထိန်းမိုင်းများဖြင့် တစ်ပြိုင်တည်းဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာဟိုးဆေးအနီးရှိ စစ်တပ်ပိုင် မြဝတီဘဏ်နှင့် ပျူစောထီးများ စစ်သင်တန်းပေးနေသည့် အောင်သပြေရဲစခန်းဝင်း ဂိတ်ဘန်ကာများအား အဝေးထိန်းမိုင်းများဖြင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ အောက်တိုဘာ ၂၇ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးအား ရန်ကုန်တိုင်း ၊ အရှေ့ပိုင်းခရိုင်၊  မြောက်ဒဂုံ ပကဖ အဖွဲ့က အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။

အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည် မြောက်ပိုင်း၌ ညီနောင်မဟာမိတ် သုံးဖွဲ့က  စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသလို မြို့ပြရှိ ပကဖရဲဘော်များကလည်း ရန်ကုန်ရှိ စစ်ကောင်စီအုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ယန္တရားများ လည်ပတ်မရနိုင်အောင် နည်းမျိုးစုံဖြင့် တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရန်ကုန်တိုင်း
#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly