မန္တလေးမြို့မှ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

By 008 (မဇ္ဈိမ)
30 October 2023
မန္တလေးမြို့မှ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ ပေါ်ဦးရွှေဆိုင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဓားပြတိုက်ခံရပြီး ငွေသားနှင့် ရွှေထည်များ ပါသွားကြောင်း သိရသည်။

ရွှေဆိုင်သို့ ဆိုင်ကယ်နှစ်စီး၊ လူလေးဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ရွှေထည်နှင့် ငွေသားများ ယူဆောင်သွားခြင်းဖြစ်သည်။

“ပစ္စည်းရော၊ ငွေရော ပါသွားတယ်။ ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် ဖြစ်သွားတာ။ ဆိုင်ဝန်ထမ်းတွေတောင် လူစုံ မရောက်သေးဘူး။ ထိခိုက်တာတော့ မရှိပါဘူး။ ရွှေကောင်တာကို သေနတ်နဲ့ပစ်ခွဲတယ်” ဟု ရွှေဆိုင်နှင့် နီးစပ်သူတဦးက ပြောသည်။

ဓားပြတိုက်ခံရခြင်းကြောင့် ပါသွားသည့် ပစ္စည်းစာရင်းနှင့် ငွေပမာဏကို မသိရသေးပေ။

“ဖြစ်တာဟုတ်တယ်၊ ပါသွားတဲ့ အနေအထားတော့ မပြောပါရစေနဲ့” ဟု ရွှေဆိုင်ဝန်ထမ်းတဦးက ပြော သည်။

ဓားပြအတိုက်ခံရသော ရွှေဆိုင်ပတ်ဝန်းကျင်သည် လူစည်ကားသည့်နေရာဖြစ်ပြီး မန်းမြို့စျေးနှင့် ရွှေဆိုင် အများအပြားလည်း တည်ရှိသည်။

“ပုံမှန် လူစည်တဲ့နေရာ၊ အသွားအလာမပြတ်တဲ့နေရာပါ။ မနက်ပိုင်းဆိုတော့ လူနည်းနည်းရှင်းချိန် ဖြစ်တဲ့ သဘောပါ” ဟု မြို့ခံတဦးကလည်းပြောသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ ရွှေဆိုင် မှ CCTV နှင့် ပတ်ဝန်းကျင်တွင် တပ်ဆင်ထားသည့် CCTV များကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မန္တလေးမြို့၌ နံနက်လင်းသည်နှင့် မြို့တွင်းနေရာအနှံ့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များက လုံခြုံရေးအကြောင်းပြ စစ်ဆေးဖမ်းဆီးမှုများ နေ့စဉ်ပြုလုပ်လျှက်ရှိသည်။

စာတည်း။ ။စောဖေ

#mizzima
#မန္တလေးမြို့
#ဓားပြတိုက်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly