နောင်ချိုနှင့်သိန္နီမြို့ကို မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထား

နောင်ချိုနှင့်သိန္နီမြို့ကို မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးလေးရက်မြောက်နေ့ ယနေ့ အောက်တိုဘာ ၃၀ရက်တွင်  စီးနင်းထိန်းချုပ်ထားပြီး အချက်အချာကျသော  ဂုတ်တွင်းတံတားကိုလည်း သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

စစ်ဆင်ရေးတတိယနေ့ (အောက်တိုဘာ ၂၉) နံနက်အစောပိုင်းတွင်  နောင်ချိုမြို့နှင့်သုံးမိုင်ခန့်သာကွာဝေးသည့်  ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLAနှင့် မန္တလေးPDF  ပူးပေါင်းတပ်များက  တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက် စီးနင်းတိုက်ခိုက်ခဲ့သည်။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက မြို့အနီးကို ထိန်းချုပ်ထားသောကြောင့် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်၊ မြို့ပေါ် ရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် စစ်ကောင်စီတပ်စခန်းများမှ ဝန်ထမ်းများ၊ တပ်ဖွဲ့ဝင်များသည်   နောင်ချို-ရပ်စောက်လမ်းပိုင်းပေါ်ရှိ ဒုံးတပ်တပ်စခန်းသို့ ထွက်ပြေးတိမ်း‌ရှောင်သွားသည်ဟုမြို့ခံများကပြောသည်။

“ ရဲစခန်းမှာဆို အချုပ်သားတွေကို ၁၂ ဘီးကားတွေနဲ့ ထည့်ပြီး ပြေးကုန်ကြတာ။ တမြို့လုံးမှာ စစ်တပ်ရော၊ဂိတ်တွေရော ဘာမှမရှိတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်တဲ့ အနေအထားပဲ" ဟု  နောင်ချိုမြို့ခံ အမျိုးသမီးတဦးက ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမသို့ပြောသည်။

TNLAနှင့် မန္တလေးPDF ပူးပေါင်းတပ်များသည်  နောင်ချိုမြို့ပေါ် သို့  ဝင်ရောက်ခြင်းမျိုးမရှိသေးသော်လည်း  မြို့ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားသည်ဟု သိရသည်။ ထို့အပြင်  မန်းလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ အဓိကလမ်းပိုင်းမှ  နောင်ချို-ကျောက်မဲလမ်းပေါ်ရှိ  ဂုတ်တွင်းတံတား စစ်ဆေးရေးဂိတ်ကို ယမန်နေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဂုတ်တွင်းတံတားအား  ပူးပေါင်းတပ်ဖွဲ့များက  ထိန်းချုပ်ထားပြီး ပြည်ထောင်စုလမ်းမကြီး အသုံးပြုခွင့် ပိတ်ဆို့ထားသောကြောင့်  ကုန်ကားအများအပြား ပိတ်မိနေကြောင်း ဒေသခံများကပြောသည်။

“ ဂုတ်တွင်းတံတားကတော့ အခုထိ ပိတ်နေတုန်းဘဲ။ စကစတပ် စစ်ကြောင်းက ကျောက်မဲကနေ ဂုတ်တွင်းဘက် သွားနေတာရှိတယ်။ တော်လှန်ရေးတပ်ဘက်က ကားတာယာတွေနဲ့ လမ်းကိုပိတ်ထားတာ “ လို့ ကျောက်မဲမြို့ခံ အမျိုးသားတဦးက ပြောသည်။

နောင်ချိုမြို့သည် မန္တလေးမြို့နှင့် မိုင် ၇၀ ကျော်သာ ကွာဝေးပြီး ပြင်ဦးလွင်မြို့နှင့်လည်း ၃၅မိုင်ခန့်သာဝေးသည်။ နောင်ချိုမြို့ပတ်ဝန်းကျင်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်းသည် စစ်ရေးအရ အသာစီးရနေသည့် အခြေအနေဟု ဒေသတွင်းသတင်းရင်းမြစ်များက သုံးသပ်သည်။

ထို့အပြင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှသိန္နီမြို့ကို  မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ထိန်းချုပ်ထားပြီး မြို့အဝင် တံတားကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့  နံနက်အစောပိုင်းတွင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။

သိန္နီမြို့အဝင် တံတားသည်  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှ  လားရှိုး-မူဆယ်လမ်းပိုင်းနဲ့ လားရှိုး-ချင်းရွှေဟော်လမ်းပိုင်းအား အဓိက ဆက်သွယ်ပေးထားသည့် တခုတည်းသော အချက်ချာကျသည့် တံတားဖြစ်သည်။စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက်လိုက်ခြင်းဟု ဒေသခံများကပြောသည်။ 

ယနေ့ နေ့လယ်တွင် သိန္နီမြို့အနီးရှိ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းများနှင့် တရုတ်-မြန်မာ သွင်းကုန်ပို့ကုန် စစ်ဆေးရေးဂိတ်ဖြစ်သော  ရေပူဂိတ်ရှိ စစ်တပ်စခန်းများကို ဆက်လက်စီးနင်းတိုက်ခိုက်နေကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက မဇ္ဈိမကိုပြောသည်။

“ သိန္နီမြို့နယ် အားလုံးကို လုံး၀ သိမ်းပိုက်သွားတဲ့ အနေအထားတော့ မရှိသေးပါဘူး။ စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေပါတယ် “ဟု လီကျာဝင်းက ယနေ့နံနက်ပိုင်းတွင်ပြောသည်။

လားရှိုးမြို့နှင့်  မိုင်အနည်းငယ်သာ ကွာဝေးသော  နမ့်ပေါင်တိုက်နယ်ရှိ ရဲစခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့များက  ယမန်နေ့ ညနေတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည် ဟုသိရသည်။ ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် လားရှိုး-တန့်ယန်း လမ်းပိုင်းပေါ်ရှိ  နမ္မဗောဒရွာမှ တံတားတစင်းကို မဟာမိတ်ပူးပေါင်းအဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း  ဒေသခံများကပြောသည်။

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရန် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက် နံနက်တွင် စတင်ပြီဟု  မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့ပူးတွဲထုတ်ပြန်ခဲ့ပြီး တိုက်ပွဲဝင်နေကြသည်။

၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံခဲ့ကြသော မြန်မာပြည်သူလူထုတရပ်လုံးနှင့် အဖွဲ့အစည်းအသီးသီး ၊ လူပုဂ္ဂိုလ် တယောက်ချင်းစီကို များစွာကျေးဇူးတင်ပြီး စစ်ဆင်ရေးအောင်မြင်ရန်အတွက် လူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုသည် အလွန်အရေးကြီး​သော​ကြောင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
#Mizzima
#၁၀၂၇စစ်ဆင်ရေး
#လေးရက်မြောက်နေ့
#နောင်ချိုမြို့
#စီးနင်းထိန်းချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly