ချင်းပြည်နယ်က ဌာနဆိုင်ရာ အရာရှိများ လုံခြုံရေးစိုးရိမ်မှုကြောင့် စစ်တပ်ဝန်းထဲ ရွှေ့ပြောင်းနေထိုင်

By မဇ္စိုမ
30 October 2023
ချင်းပြည်နယ်က ဌာနဆိုင်ရာ အရာရှိများ လုံခြုံရေးစိုးရိမ်မှုကြောင့် စစ်တပ်ဝန်းထဲ ရွှေ့ပြောင်းနေထိုင်
Photo-BNI

ချင်းပြည်နယ်၊ ဟားခါးနှင့် မင်းတပ်မြို့က စစ်ကောင်စီ၏ ဌာနဆိုင်ရာ အရာရှိများသည် အစိုးရရိပ်သာနှင့် စစ်တပ်ဝန်းထဲသို့ ရွေ့ပြောင်းနေထိုင်နေကြကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီအဖွဲ့ရုံးစိုက်ရာ ဟားခါးမြို့ရှိ ဌာနဆိုင်ရာအရာရှိများကို အစိုးရရိပ်သာဆောင်တွင်စုဖွဲ့ ထားရှိပြီး မင်းတပ်မြို့တွင်လည်း ဌာနဆိုင်ရာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မင်းတပ်ဆေးရုံနှင့် နယ်မြေခံ အမှတ် (၂၇၄) တပ်ရင်းထဲသို့ ယခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းကာ စုဖွဲ့ထားလိုက်ကြောင်း ဒေသခံများက ဆိုသည်။

‘’ဟားခါးမှာက လူငယ်တွေ (CDF) က မြို့ပေါ်မှာ ဝင်ချင်သလိုဝင်/ထွက်လို့ ရတယ်လေ၊ ဒါကြောင့်လည်း တချို့ဌာနဆိုင်ရာ အရာရှိတွေကို လူငယ်တွေက နေအိမ်ရုံးတွေကနေ ဖမ်းခေါ်တာတွေရှိတယ်၊ ပြန်လွှတ်ပေးတာတွေ ရှိသလို အခုထိဖမ်းခေါ်ထားတာတွေလည်း ရှိသေးတယ်” ဟု  ဟားခါးဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဟားခါးမြို့ရှိ ဌာနဆိုင်ရာအရာရှိများကို အစိုးရရိပ်သာဆောင်တွင်ထားရှိသည်မှာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဌာနဆိုင်ရာ အစည်းဝေးများ ရှိသည့်နေ့များတွင် လက်နက်ကိုင် စစ်သားများကလာရောက် ခေါ်ဆောင်ပြီး ကြို/ပို့ လုပ်ပေးနေရကြောင်း ပြောသည်။

ထို့ပြင် နေ့စဉ်ပုံမှန် ရုံးအလုပ်များကိုလည်း ရိပ်သာထဲတွင်သာ စုလုပ်နေရကြောင်း ပြောသည်။

မင်းတပ်မြို့ပေါ်က ဌာနဆိုင်ရာအရာရှိများကိုမူ အောက်တိုဘာ ၂၄ ရက်ညပိုင်းက မင်းတပ်မြို့ပေါ်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာရွှေ့လိုက်ခြင်းဖြစ်ကြောင်း မင်းတပ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

‘’မင်းတပ်မှာလည်းအရင်ထဲက စစ်တပ်က သတင်းရရင် ဌာနဆိုင်ရာအရေးကြီးတဲ့ ဌာနကသူတွေကို (၂၇၄) တပ်ရင်းထဲမှာ ညဘက်ခေါ်ထား တာတွေရှိတယ်၊ တချို့အမျိုးသမီးတွေကျတော့ ကြောက်တော့တပ်ထဲသွား အိပ်တာတွေရှိတယ်၊ မင်းတပ်မှာက ဌာနဆိုင်ရာတော်တော်များများပိတ်ထား တာကြာ ပါပြီ၊ တချို့ကျတော့လည်း ပခုက္ကူကနေ တွဲဖက်တာဝန်ထမ်းဆောင်တာ တွေရှိတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။

“မင်းတပ်မှာကလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွဲတော့မယ်ဆိုပြီး သတင်းကလည်း ခဏခဏထွက်နေတာလေ‘’ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပခုက္ကူမြို့မှ  ချင်းပြည်နယ်ဖက်ကို စစ်ချီလာသည့် ကားအစီးရေ ၈၀ ကျော်ပါဝင်သည့် စစ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယင်းကြောင့် မင်းတပ်-ကျောက်ထုလမ်းပိုင်း အသုံးပြုသွားလာခွင့်ကို ပိတ်ထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်

#မင်းတပ်
#လုံခြုံရေးစိုးရိမ်
#CDF
#ချင်း
#Mizzima
#hardnews
Now

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly