ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကြောင့် စစ်ကောင်စီအထိနာနေ

By Spring
30 October 2023
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကြောင့် စစ်ကောင်စီအထိနာနေ

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိပ်နင်းရေးဟာ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တွေမှာဆက်လက်ဖြစ်ပွားနေပါတယ်။

၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ဆင်ရေးစတင်ကြေညာတဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာတင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့ရှိ စစ်ကောင်စီရဲ့ စစ်ရေးအဓိကကျတဲ့နေရာအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး ၁၀၂၇ ကနေ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီ ကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။
ဒီစစ်ဆင်ရေးမှာ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်နဲ့ မုံးကိုးမြို့နယ်တွေအတွင်းက စစ်ကောင်စီရဲ့ စခန်းသိမ်းတွေသိမ်းယူခဲ့တယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်မဟာ ၂ ဒေသဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချို မြို့နယ်၊ ကျောက်ကြမ်းရွာ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် သိန္နီရဲစခန်း၊ မာချီနော့ စစ်ကောင်စီတပ်စခန်း၊ လားရှိုးမြို့ အရှေ့ဘက်အခြမ်းက စစ်ကောင်စီတပ် စခန်းနှစ်ခု၊ ချင်းရွှေဟော်မြို့နယ်က ဟာခုတ်ကိုက် စစ်ကောင်စီတပ်စခန်းနဲ့ မုံးကိုးခရိုင်က နမ်ယမ် စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းဆည်းထားတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပူးပေါင်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကြိုဆို ထောက်ခံတယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ဆင်ရေး ရည်ရွယ်ချက်တွေထဲက စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ ဖွဲ့စည်းဖို့ စတာတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာ ပြဋ္ဌာန်းထားပြီးသား အခြေခံမူရည်ရွယ်ချက်တွေဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ၂၇ရက်နေ့က သတင်းထုတ်ပြန်တာရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ထပ်မံ ထုတ်ပြန်တာ မတွေ့ရပါဘူး။

နိုင်ငံတဝန်းမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကအထိနာနေပြီး စစ်မျက်နှာများစွာ ဖြန့်ကျက်ရင်ဆိုင်ထားရတယ်လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေရတာပါ။

ရှမ်းမြောက်တိုက်ပွဲနဲ့အတူ နိုင်ငံ့တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တ နင်္သာရီတိုင်းမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ချင်း၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း ဒေသအခြေစိုက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ CNF၊ KNPP၊ ABSDF အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲ ကျော်အတွင်း နိုင်ငံတဝန်းတိုက်ပွဲပေါင်း ၁၁,၀၀၀ ကျော်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly