သိန္နီရှိ မိုင်းလီတပ်စခန်းကို TNLA ထပ်မံသိမ်းပိုက်၊ တိုက်ပွဲဆက်လက်ပြင်းထန်

By ဂျူချန်း၊ ရွှေနွယ် (မဇ္ဈိမ)
30 October 2023
သိန္နီရှိ မိုင်းလီတပ်စခန်းကို TNLA ထပ်မံသိမ်းပိုက်၊ တိုက်ပွဲဆက်လက်ပြင်းထန်
ပုံအညွှန်း- မိုင်းလီတပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များ (PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စစ်ကောင်စီ၏ မိုင်းလီတပ်စခန်းကို  ထပ်မံသိမ်းပိုက်လိုက်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုင်းလီတပ်စခန်းကို ယမန့်နေ အောက်တိုဘာ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထံမှ သေနတ် ၁၄ လက်၊ ပစ္စတို တ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ၄၀မမ ဗုံးသီး ၁၂ လုံးအပြင် ခဲယမ်းကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ စစ်ကောင်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် MNDAA၊ TNLAနှင့် AA တို့ဦးဆောင်တိုက်ခိုက်နေစဉ် သိန္နီမြို့မှ နမ့်စလပ် ရဲစခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။  သိန္နီမြို့ရဲစခန်းကို အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး  အောက်တိုဘာ ၂၉ ရက် ညတွင် မိုင်းလီတပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ လားရှိုးမြို့နှင့် သိန္နီမြို့သို့ ဆက်သွယ်ထားသည့် နမ္မတူမြစ်ကူးတံတားဖြစ်သော သိန္နီတံတားသည် ယနေ့ နံနက် ၉ နာရီခန့်တွင် ဖောက်ခွဲခံရပြီး တံတားကျိုးသွားကြောင်း ဒေသခံများကပြောသည်။

" တံတားပါး ကျိုးသွားပါပြီ။ ဒီဘက်ကို သွားဖို့ လာဖို့ လုံးဝအဆင်မပြေပါဘူး။ လုံခြုံရေးအတွက် အရေးပေါ် အခြေအနေပါ" ဟု သိန္နီမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် သိန္နီမြို့၏ မြို့အဝင်ဂိတ်များအားလုံးကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာနေချိန်၌  ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLA က ယနေ့ ထုတ်ပြန် သတိပေးထားသည်။

အောက်တိုဘာ ၂၈  ညနေပိုင်းမှစတင်ကာ သိန္နီမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မဟာမိတ်တပ်မတော်( MNDAA)  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများမှ  စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျက်နေသည်။  စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအချို့လည်းရှိခဲ့ပြီး  တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများပြတ်တောက်လျက်ရှိကြောင်း မြို့ခံများကပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့် ရရှ်ိသော သတင်းအရ  သိန္နီမြို့နှင့် ထိစပ်နေသော လားရှိုးမြို့နယ်၊မိုင်းကျက်တပ်စခန်းကို TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက် နေကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ရက်က စတင်ခဲ့ပြီး ယနေ့ဆိုလျှင် စစ်ဆင်ရေး လေးရက်မြောက်ပြီဖြစ်သည်။၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံခဲ့ကြသော မြန်မာပြည်သူလူထုတရပ်လုံးနှင့် အဖွဲ့အစည်းအသီးသီး ၊ လူပုဂ္ဂိုလ် တယောက်ချင်းစီကို များစွာကျေးဇူးတင်ပြီးစစ်ဆင်ရေးအောင်မြင်ရန်အတွက် ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုသည် အလွန်အရေးကြီး​သော​ကြောင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာ
ချက်ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
#Mizzima
#သိန္နီမြို့
#မိုင်းလီတပ်စခန်း
#ထပ်မံသိမ်းပိုက်
#PSLF/TNLA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly