မြဝတီ-ကော့ကရိတ် လမ်းပိုင်းတွင် စစ်ဆေးတင်းကျပ်

By YT (မဇ္ဈိမ)
30 October 2023
မြဝတီ-ကော့ကရိတ် လမ်းပိုင်းတွင် စစ်ဆေးတင်းကျပ်
ပုံအညွှန်း- အာရှလမ်းမကြီးတနေရာတွင် ယာဉ်ပိတ်ဆို့မှုဖြစ်ပေါ်စဉ် (ဓါတ်ပုံ- Crd (ပုံဟောင်း)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြိို့နယ်ကို ဆက်သွယ်ထားသော အာရှလမ်းမကြီးနှင့် ဒေါနတောင်ကျော်လမ်းတို့တွင် အစစ်အဆေးများ တင်းကျပ်နေကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားလာရေးလုပ်ငန်းများထံက သိရသည်။

"မြို့ထဲတောက်လျှောက် တိုက်ပွဲဖြစ်နေတော့ လမ်းကြောင်းက ပိတ်လိုက် ဖွင့်လိုက်နဲ့ပဲ။ ကားတွေကတော့ ဆင်းပါတယ် ။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူးကြားတယ် " ဟု မြဝတီမြို့နယ်ရှိ ခရီးသွားလုပ်ငန်းပိုင်ရှင်တဦးက ယမန်နေ့ကအခြေအနေကို မဇ္ဈိမထံသို့ ပြောသည်။ 

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့က မြဝတီ- ကော့ကရိတ်အား ဆက်သွယ်ထားသည့် အာရှလမ်းမကြီးနှင့် ဒေါနတောင်ကျော်လမ်းတို့အား ကူးသန်းသွားလာခွင့် ပိတ်ထားခဲ့သော်လည်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် လမ်းကြောင်း ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ လမ်းများပေါ်သို့ အရပ်သားကားများအား ဖြတ်သန်းသွားလာခွင့် ပြုထားသော်လည်း စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့က ခရီးသွားယာဉ်များအား ယခင်ကထက်တင်းကျပ်စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း သိရသည်။

"အာရှလမ်းပေါ်မှာက စကစ(စစ်ကောင်စီတပ်)နဲ့ BGF ဂိတ်တွေ များတယ်။ ငါးမိနစ်တခါလောက်ကို ဂိတ်တွေရှိတာ။ အရပ်ဝတ်တွေနဲ့ပဲ။ အစစ်အဆေးကြမ်းတာက ကော့ကရိတ်အဝင်က ဂိတ်၊ အခုရက်ပိုင်းတော့ ပိုစစ်တာ၊ သေနတ်တွေ တပြပြနဲ့။ ပြီးတော့ လမ်းပေါ်က နှစ်ယောက်သုံးယောက် စောင့်တဲ့ဂိတ်တွေကလည်း အရင်ကလို ပိုက်ဆံပေးရုံနဲ့ သိပ်မကျေနပ်ချင်ဘူး ရစ်ချင်နေကြတာ " ဟု ခရီးသည်တင် ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။ 

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကလည်း အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ မြဝတီ- ကော့ကရိတ် အာရှလမ်းမပေါ်သို့ ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား စစ်ဆေးမှုပြုလုပ်လာကြောင်း သိရသည်။ 

"PDF တွေကိုတော့ မနေ့ကတွေ့တယ်။ သူတို့လည်း မေးတာပါပဲ ဘယ်သွားဖို့လဲ ဘာသယ်လာလဲပေါ့ " ဟု အဆိုပါ ယာဉ်မောင်းက ဆက်ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်နေရာများ၊ ရုံးများအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာမှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ နှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ဒု- ရင်းမှူးတဦးအပါအဝင် ၄၀ ကျော်သေဆုံး၍ ထိခိုက်ဒဏ်ရာရမှု များခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်တွင်လည်း ငါးဦးကျဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#မြဝတီမြို့နယ်
#ကော့ကရိတ်မြို့နယ်
#အာရှလမ်းမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly