ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By 007 (မဇ္စျိမ)
30 October 2023
ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
ပုံအညွှန်း-ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာကို စစ်ကြောင်းထိုးဖျက်ဆီးသွားသည့်နေရာ။ (ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ)

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊  အုန်းတင်းကျေးရွာသို့ ၀င်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ဒေသအခြေစိုက်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) ပြန်ကြားရေးဗျူရိုမှ တာ၀န်ရှိသူက မဇ္စျိမသို့ ပြောသည်။

“လိုင်းအခက်အခဲနဲ့ စစ်ရေးအခြေအနေအရ၊ ကျွန်တော်တို့ ချက်ချင်းသတင်းမထုတ်နိုင်ခဲ့ဘူး၊ ဒီမနက်နယ်မြေ အခြေအနေသွားကြည့်တော့မှ၊ မစင်တွင်းတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေ ပစ်ချထားခဲ့တာ တွေ့ရတယ်။ ရွာထဲတော့ ကြာကြာနေမရဘူး။ စစ်ကြောင်းနဲ့ ဒေသခံတပ်ဖွဲ့တွေ ထိတွေ့မှုတွေ ဖြစ်နေတုန်းပဲ” ဟု ယမန်နေ့ အောက်တိုဘာလ ၂၉ရက်နေ့က အခြေအနေကို ၎င်းကပြောသည်။

ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာမှ ထွက်လာသော အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် အုန်းတင်းကျေးရွာသို့ စစ်ကြောင်းထိုးနေစဉ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နာရီပိုင်းမျှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိခဲ့ရပြီး၊ အောက်တိုဘာ ၂၉ ရက်တွင် နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းများအား မစင်တွင်းထဲပစ်ချထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး)နှင့်အတူ၊ Free Rangers(DPY) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းမလုံလောက်သည့်ကြားမှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း လက်နက် ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့)စစ်ကြောင်းက လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ရဲ့ ခလရ(၇၁)နဲ့ ပျူတွေပေါင်းထားတာ၊ အခု အဲဒီဘက်ကရွာတွေ ပြေးနေရတယ်။ ရွာခံတွေလည်း အသတ်ခံနေရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့်အောက်တိုဘာလ ၁၈ ရက်နေ့က ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်ဘက်သို့ ၀င်ရောက်လာခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှစတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်ကာ ဒေသခံများအားသတ်ဖြတ်ခြင်း၊ နေအိမ်များမှ  ပစ္စည်းဥစ္စာများကို ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြပေးနေသည့် People’s Defense Comrade အဖွဲ့က အတည်ပြုထားသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရှမ်းတောကျေးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်စဉ် ကျေးရွာအတွင်းရှိ ဆိုင်ကယ် ၁၀ စီးထက်မနည်းကို ယူဆောင်သွားပြီးနောက် ယင်းနေ့ ညပိုင်းတွင် ဘုတ်ထန်းကျေးရွာသို့ စစ်ကြောင်းထိုး ၀င်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

“မီးရှို့သတ်ခံထားရတဲ့လူအရိုးစုတွေလည်းတွေ့ထားတယ်လို့ ထွက်ပြေးလာသူတွေ ပြန်ပြောလို့သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးဘူးတဲ့။ ၂၁ ရက်နေ့က အသတ်ခံရတဲ့ငါးယောက်ကတော့၊ PDF လို့စွပ်စွဲခံရပြီး စစ်တပ်ကသတ်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ဒေသခံတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ၏ စစ်ကြောင်းထိုးဝင်ရောက်နေမှုများကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း ။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#တိုက်ပွဲဖြစ်ပွား

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly