ရှမ်းမြောက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးနေချိန် နေပြည်တော် ဆိုကရေးတီးပွဲ စစ်ခေါင်းဆောင် တက်ရောက်

ရှမ်းမြောက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးနေချိန် နေပြည်တော် ဆိုကရေးတီးပွဲ စစ်ခေါင်းဆောင် တက်ရောက်
ဓာတ်ပုံ- ရှမ်းမြောက်တိုက်ပွဲတွင် သိမ်းဆည်းခံရသော လက်နက်များနှင့် ဆိုကရေးတီးပွဲ တက်ရောက်နေသည့် စစ်ဗိုလ်ချုပ်ကြီးများကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေချိန် စစ်ဗိုလ်ချုပ်များ အခြေစိုက်ရာ နေပြည်တော်တွင်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပနေကြောင်း စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေးကဇာတ်ရုံတွင် ကျင်းပနေသည့် (၂၄) ကြိမ်မြောက် ထိုပြိုင်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးနေချိန် နေပြည်တော်တွင် အစဉ်အလာမပျက် ရိုးရာပွဲ ကျင်းပပြီး စစ်ခေါင်းဆောင်များပင် တက်ရောက်နေသည့်အပေါ်  စစ်တပ်ထောက်ခံသူများအကြား မေးခွန်းထုတ်နေကြကြောင်း အမည်မဖော်လိုသော နေပြည်တော် မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှေ့မြောက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ TNLA နှင့် ULA/AA စသည့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က “Operations 1027” စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီတပ်စခန်းများကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး အရှိန်အဟုန် ပြင်းပြင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်။

အဆိုပါ စစ်ဆင်ရေး တတိယမြောက် အောက်တိုဘာလ ၂၉ ရက်နေ့အထိ လားရှိုး၊ ချင်းရွှေဟော်၊ သိန္နီအစရှိသည့် မြို့များရှိ စစ်ကောင်စီတပ်စခန်း ၅၇ ခုကို တော်လှန်ရေး မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးကြောင်း MNDAA က သတင်းထုတ် ပြန်ထားသည်။

ထို့ပြင် ချင်းရွှေဟော်မြို့ကိုလည်း မဟာမိတ်တပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိမှာ လားရှိုး၊ သိန္နီ၊ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်းနှင့် ကွမ်းလုံ၊ ဟိုပုန်၊ ချင်းရွှေဟော်၊ မုံးကိုး၊ မူပန်ဘက်တွင် မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ခေါင်းဆောင်
#ဆိုကရေးတီး
#ရှမ်းမြောက်တိုက်ပွဲ
#မဟာမိတ်
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly