၁၀၂၇ စစ်ဆင်ရေး တတိယမြောက်နေ့တွင် စစ်ကောင်စီစခန်း ၂၅ ခုကျော်နှင့် ချင်းရွှေဟော်မြို့ကို သိမ်း ပိုက်နိုင်ကြောင်း ထုတ်ပြန်

By 008လားရှိုး(မဇ္ဈိမ)
29 October 2023
၁၀၂၇ စစ်ဆင်ရေး တတိယမြောက်နေ့တွင် စစ်ကောင်စီစခန်း ၂၅ ခုကျော်နှင့် ချင်းရွှေဟော်မြို့ကို သိမ်း ပိုက်နိုင်ကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းမြောက်ဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့ကို အစွဲပြုပြီး 1027 Operation အဖြစ် မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်ကောင်စီကိုစစ်ကြေညာခဲ့ပြီး စစ်ဆင် ရေး တတိယမြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၂၅ ခုကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော် မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ဆင်ရေးကို ဦးဆောင်နေသည့် တပ်ဖွဲ့များက တရားဝင်ထုတ်ပြန်သည်။   
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နောင်ချို၊ လားရှိုးနှင့် နမ့်ခမ်းမြို့နယ်များ အတွင်းမှ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်တပ်စခန်း ရှစ်ခုကိုသိမ်းပိုက်နိုင်ခဲ့သလို နောင်ချိုမြို့ကို စီးနင်းတိုက်ခိုက်လျက်ရှိသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည်တရုတ်-မြန်မာနယ်စပ်တလျှောက် မှ စစ်ကောင်စီတပ်စခန်း ၁၇ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့သလို တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို ထိမ်းချုပ်သိမ်းပိုက်ထားပြီး သိန္နီမြို့ကို စီးနင်းတိုက်ခိုက်နေသည်။
၁၀၂၇ စစ်ဆင်ရေး ကြေညာခဲ့သည့် အောက်တိုဘာလ ၂၇ ရက် နံနက်အစောပိုင်းမှ ယနေ့ အောက်တို ဘာလ ၂၉ ရက်အတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သော MNDAA ၊ TNLA နှင့် AA အပါအဝင် နွေဦး တော်လှန်ရေးတွင်ပေါက်ဖွားလားသော ပြည်သူကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

TNLA ၏ တိုက်ခိုက်မှုများ
TNLA သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ် တပ်ရင်း(NSSAA)တို့နှင့် ပူးတွဲတိုက်ခိုက်နေသည်။
စစ်ဆင်ရေးပထမနေ့တွင် နောင်ချိုမြို့နယ် သံမိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖက်ကာကျေးရွာအကြားမှ ၁၃ မိုင်နှင့် ၁၂ မိုင်ရှိ ပန်းဆေးပြည်သူ့စစ်တပ်စခန်းနှစ်ခုနှင့် မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးတာဝါတိုင်ရှိ စစ်ကောင်စီတပ်စခန်း၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ဆင်ရေး ဒုတိယနေ့တွင်  နောင်ချိုမြို့နယ် သံဘိုကျေးရွာ နတ်စင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး နမ့်ခမ်းမြို့နယ်အတွင်းမှ စစ်ကောင်စီစစ်ကြောင်းများကို တိုက်ခိုက်ခဲ့သည်။
စစ်ဆင်ရေး တတိယနေ့တွင် နောင်ချိုမြို့အနီးမှ ကျောက်ကြမ်းကျေးရွာတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ထို့ပြင် နောင်ချိုမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့ပြီး မြို့ကို ထိန်းထားကြောင်း မြို့ခံများကဆိုသည်။

MNDAA ၏ တိုက်ခိုက်မှုများ

MNDAA သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)နှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မ တော်(PLA) တို့နှင့် ပူးတွဲတိုက်ခိုက်လျက်ရှိသည်။
စစ်ဆင်ရေးပထမနေ့တွင် ချင်းရွှေဟော် နမ့်တိမ်တံတား တပ်စခန်း၊ ချင်းရွှေဟော်တံတား တပ်စခန်း၊ ချင်းရွှေဟော်ဒေသ နန်ဖာရှန်းတောင်ကုန်း တပ်စခန်း၊ လောက်ကိုင်မြို့ ရှီးရှန်းဒေသမှ ကုတ်ထုတ် ပေါက် ပေါက်တောင်ကုန်း တပ်စခန်းနှင့် လုံထန်ပြည်သူ့စစ်တပ်စခန်း၊ မုံးကိုးခရိုင် ကွမ်းထန်တောင်ကုန်းနှင့် နန်ကျွမ်းဒေသတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ဆင်ရေး ဒုတိယနေ့တွင် ချင်းရွှေဟော်မြို့နယ် မာကျားတိပေါက်ပေါက်၊ နမ့်ကျွမ်း၊ ရှောက်ရင်းဖန် တပ်စခန်းများနှင့် မုံးကိုးဒေသ မန်ပင်၊ ရန်တော်ရှမ်းအိုင်လ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တင့်ကားနှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။
စစ်ဆင်ရေးတတိယနေ့တွင် လားရှိုးမြို့၏အရှေ့ဘက် ကီလိုမီတာ ၄၀၀ အကွာမှ တပ်စခန်းနှစ်ခု၊ ချင်းရွှေ ဟော် ယာခုတ်ကိုတပ်စခန်း၊ မုံးကိုးခရိုင် နမ့်ယမ်တပ်စခန်းနှင့် သိန္နီမြို့ ရဲစခန်း၊ မာချီနော့ တပ်စခန်းများ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသော သိန္နီမြို့ကို ထိန်းချုပ်ထား ပြီး မြို့အနီးမှတပ်စခန်းများကို စီးနင်းတိုက်ခိုက်နေသလို ချင်းရွှေဟော်မြို့သို့ စစ်ကောင်စီက မြေပြင်မှ စစ်ကူတွေပို့နေမှုကိုလည်း ဖြတ်တောက်နိုင်ခဲ့သည်။
ညီနောင်သုံးဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့သလို စစ်သုံပန်းများကိုလည်း ဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံများနှင့် ထုတ်ပြန်ထားသည်။
MNDAA ၏ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက “စစ်အာဏာရှင်ပပျောက်ရေး စစ်ဆင်ရေးကြီးကို ဆက် လက်ဖော်ဆောင်နေဆဲပါ။ စစ်ဆင်ရေးအတွင်းမှာ စကစ တပ်စခန်း ၄၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စာရင်းအသိအကျတော့ မရရှိသေးပါဘူး”ဟု မဇ္ဈိမသို့ ယနေ့ ပြောကြားသည်။
တပ်စခန်း ၄၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း  MNDAA မှ အတည်ပြုထားပြီး မဇ္ဈိမအနေ့ဖြင့် တပ်စခန်း ၂၅ ခုကျော် သိမ်းဆည်းထားကြောင်းကို စာရင်းပြုစုထားနိုင်သည်။
ယနေ့ အောက်တိုဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ဆက်လက်တိုက်ခိုက်နေသလို လားရှိုးမြိုအနီးရှိ နမ့်ပေါင်ကျေးရွာ ရဲစခန်းနဲ့ စစ်တပ်စခန်းများ ကို သိမ်းပိုက်နေကြောင်း ဒေသခံများက ပြောသည်။
“နမ့်ပေါင်က လားရှိုးမြို့နဲ့ နီးနီးလေးပဲ၊ ရဲစခန်းလည်းကျသွားပြီလို့ ပြောတယ်။ မြို့ပေါ်မှာတော့ လက်နက် ကြီးတွေနဲ့ အခုထိပစ်နေတုန်းပဲ” ဟု လားရှိုးမြို့မှ အမျိုးသမီးတဦးက မဇ္ဈိမသို့ ပြောသည်။
တိုက်ပွဲများကြောင့် လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင် ၂,၀၀၀ ကျော်ရောက်ရှိနေသလို သိန္နီမြို့ပေါ်တွင် ၆,၀၀၀ ကျော်ရောက်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သောလက်နက်ကြီးများကြောင့် ချင်းရွှေဟော်၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်းမြို့ နယ်တို့၌ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့သလို ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly