Operation 1027 စစ်ဆင်ရေး တတိယမြောက်နေ့တွင် MNDAA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ စစ်ကောင်စီစခန်း ၈ ခုကိုသိမ်းပိုက်

By ရွှေနွယ်(မဇ္ဈိမ)
29 October 2023
Operation 1027 စစ်ဆင်ရေး တတိယမြောက်နေ့တွင် MNDAA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ စစ်ကောင်စီစခန်း ၈ ခုကိုသိမ်းပိုက်

Operation 1027 စစ်ဆင်ရေး၏ တတိယမြောက်နေ့ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၂၉ ရက် တွင် နံနက် ၄ နာရီ မှ နံနက် ၁၀ နာရီအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်းရှစ်ခုကို မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက် နိုင်ကြောင်း Operation 1027−3BHA က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် စခန်း၊ သန္နီမြို့နယ်တွင် သန္နီရဲစခန်းနှင့် နမ့်စလပ်ရဲစခန်း၊ သိန္နီမြို့နယ် မာချီနော့ စစ်တပ်စခန်း၊ လားရှိုးမြို့ အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု၊ ချင်းရွှေဟော်ဒေသ ယာခုတ်ကိုက်စစ်တပ်စခန်းနှင့် မုံးကိုး ခရိုင် နမ်ယမ် စစ်တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

ရန့်သူ့အလောင်း အမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက် အမြားကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု Operation 1027−3BHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရန်နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က အောက် တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ လောက်ကိုင်ခရိုင်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်နှင့် ကွမ်းလုံခရိုင်တို့တွင် အပြင်းအထန် တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီ၏ တပ်စခန်းအများအပြားအား သိမ်းပိုက်ရရှိခဲ့ရပြီး လက်ရှိတွင်လည်း မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲများ ဆက်လက်‌ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ပြင်းထန်တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း မဇ္ဈိမကစုံစမ်းသိရှိရပြီး စစ်ရှောင်အရေအတွက်နှင့် ထိခိုက်သေဆုံးသည့် အရပ်သားပြည်သူအရေအတွက်အား သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly