တော်လှန်သီတင်းကျွတ်နေ့ လူထုထံ ဂုဏ်ပြုစကားပြောကြားသည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္ဈိမ)
29 October 2023
တော်လှန်သီတင်းကျွတ်နေ့ လူထုထံ ဂုဏ်ပြုစကားပြောကြားသည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံသပိတ် ကော်မတီဝင်များက တော်လှန်ရေးတွင် ပါဝင်ကြသည့် ပြည်သူများအား ဂုဏ်ပြုစကား ပြောကြားထားသည်။

ယနေ့အောက်တိုဘာလ ၂၉ရက်တွင် ကျရောက်သော တော်လှန်သီတင်းကျွတ် လပြည့်နေ့၌  ပြည်သူများထံသို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရုပ်သံဖြင့် ဂုဏ်ပြုစကား ပြောကြားထားခြင်းဖြစ်သည်။

"စစ်အာဏာရှင် အာဏာသိမ်းပြီးချိန်ကတည်းက နည်းနာပေါင်းစုံဖြင့် တော်လှန်သော ပြည်သူများ ၊  တိုင်းရင်းသားလူမျိုးများ အပါအဝင် လက်နက်ကိုင်တော်လှန်နေသူများ ၊ ကူညီလှူဒါန်းနေသည့် ထောက်ပို့အင်အားစုများ ၊ အခွင့်အရေးများကို စွန့်လွှတ် တိုက်ပွဲဝင်နေသည် CDM များကို လေးစားစွာ ဦးညွှတ် အလေးပြုခဲ့ကြပြီး မပါဝင်သေးသည့် ပြည်သူများ ကိုလည်း ပါဝင်ကြရန်" ဖိတ်ခေါ်ထားသည်ကို ရွာပေါင်းစုံသပိတ်မှ ထုတ်ပြန်ထားသည့် ဂုဏ်ပြုစကားရုပ်သံတွင် ‌‌ တွေ့ရသည်။

အာဏာသိမ်းပြီးနောက် အခွင့်အရေးများ ၊ ရိုးရာယဥ်ကျေးမှုများ ပျောက်ကွယ်ခဲ့ရကြောင်း နှင့် ယခုကျင်းပနေသည့် တော်လှန်သီတင်းကျွတ်မှတဆင့် ပြည်သူများ၊ ရဲဘော်များကို ဂုဏ်ပြုစကားဆိုလိုက်ကြောင်း ရုပ်သံတွင်ပြောဆို ထားသည်။

ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်နေပြီး ဒေသအတွင်းရှိ စစ်ဘေးရှောင်ကူညီပေးမှုများလည်း ဆောင်ရွက်နေကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ

#မြန်မာသတင်း
#ရွာပေါင်းစုံသပိတ်
#တော်လှန်သီတင်းကျွတ်

ရုပ်သံအညွှန်း-ဂုဏ်ပြုစကားပြောကြားသည့် ရွာပေါင်းစုံသပိတ်ကော်မတီဝင်များ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly