လားရှိုးတွင် MNDAA က စစ်ကောင်စီတပ်စခန်းတစ်ခုအား ထပ်မံသိမ်းယူ၊ စစ်ကောင်စီတပ်များ မြို့ပေါ်မှ ကာပစ်ပစ်နေဟု ဒေသခံများပြော

By ရွှေနွယ် (မဇ္ဈိမ)
29 October 2023
လားရှိုးတွင် MNDAA က စစ်ကောင်စီတပ်စခန်းတစ်ခုအား ထပ်မံသိမ်းယူ၊ စစ်ကောင်စီတပ်များ မြို့ပေါ်မှ ကာပစ်ပစ်နေဟု ဒေသခံများပြော

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းတခုကို ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များက သိမ်းယူနိုင်ကြောင်း ယနေ့ နံနက်တွင် ထုတ်ပြန်သည်။

"ဟူးမွန်ရွာနဲ့ ကုန်းညောင်ရွာဘက်မှာ တိုက်ပွဲဖြစ်နေတာပါ။ ကုန်းညောင်အပေါ် ပန်ဟုန်းသွားတဲ့လမ်း စစ်ဆေးရေးဂိတ်ဖြစ်ပါလိမ့်မယ်” ဟု လားရှိုးမြို့ဒေသခံတဦးကပြောသည်။

လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၇) နှင့် (၆၈) တပ်ရင်းမှ လက်နက်ကြီးများဖြင့် အတွဲလိုက် ပစ်ခတ်နေကြောင်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှလည်း လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း လားရှိုးမြို့ဒေသခံထံက သိရသည်။

"တညလုံးအတွဲလိုက်ကြီးတွေပစ်တာ။ အခုမနက် လေးခွဲ စက်သေနက်အတွဲလိုက်နဲ့ သေနက်သံတွေက 6နာရီလောက်မှာငြိမ်သွားတာ။ အခုလည်းပြောနေရင်း အကြီးတွေပစ်နေပြန်ပြီ။ မြို့ထဲကနေ ကာပစ်ပစ်နေတဲ့သဘောပါ။ မြို့ပြင်မှာ တပ်ပေါင်းစုတွေရောက်နေကြပြီကြားတယ်” ဟု လားရှိုးမြို့ဒေသခံက ပြောသည်။

လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့ ညနေပိုင်းမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများဆူညံနေကြောင်းနှင့် မြို့ပေါ်တွင် လက်နက်ကြီးပစ်ခတ်နေမှုများသည် စစ်ကောင်စီဘက်မှ မြို့ပြင်သို့ ကာကွယ်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
လားရှိုးမြို့အနီးရှိ တိန်းတန် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ အောက်တိုဘာ ၂၇ နေ့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းကျက်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း TNLA တာဝန်ရှိသူက မဇ္ဈိမကိုပြောကြားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လားရှို့း
#မဟာမိတ်တပ်ပေါင်းစု
#မြန်မာသတင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly