မတူပီ-ဟားခါးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ဦးသေ၊ ၅ဦးဒဏ်ရာရ

By ကိုခင်မောင် (မဇ္ဈိမ)
28 October 2023
မတူပီ-ဟားခါးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ဦးသေ၊ ၅ဦးဒဏ်ရာရ
ပုံအညွှန်း။         ။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ ရဲဘော်များ  ဓာတ်ပုံ- CDF - Matupi

ချင်းပြည်နယ်၊ မတူပီ- ဟားခါးလမ်းပေါ်ရှိ မတူပီခရိုင်းရုံးသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက ယနေ့ အောက်တိုဘာလ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ရက် ညနေ ၄နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသော ခရိုင်ရုံးသို့ မတူပီမြို့နယ်အခြေစိုက် ခလရ(၁၄၀)မှ အင်အား ၇၀ကျော်ပါသော စစ်ကောင်စီတပ်သားများ အင်အားဖြည့်ရန် ခြေလျင်စစ်‌ကြောင်းဖြင့်လာနေစဥ် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတိုက်ပွဲမှာ ကျွန်တော်တို့ကြိုစောင့်ပြီးသားဆိုတော့ ကိုယ့်ရှေ့တည့်တည့်မှာပစ်ပြီးတော့ သူတို့လဲကျသွားတာတွေ့ရတယ်။လက်တွေ့အမြင်ကတော့ နှစ်ယောက်ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာကတော့ မတူပီမြို့ပေါ်ကနေ လူနာတင်ကား သုံးခေါက်လောက်လာတာ၊ အဲ့ကားပေါ်မှာလူနာတင်တာက ငါးဦးထိတော့မြင်ခဲ့တယ်”ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေအား မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် မတူပီ-ဟားခါးလမ်း နှင့် မတူပီ-ပလက်ဝလမ်းပိုင်းသို့  ညနေ ၄ နာရီမှ ၆နာရီအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့က  လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး ပစ်ခတ်တိုက်ခိုက်မှုရှိလာနိုင်၍ မိဘပြည်သူများအနေဖြင့် မတူပီမြို့အတွင်း အဝင်အထွက် မပြုလုပ်ကြပါရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိနေပြီး ပြည်တွင်း ပြည်ပရှိ ပြည်သူများအနေဖြင့် ပံ့ပိုးကူညီကြပါရန်လည်း  ချင်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီက တောင်းဆိုထားသည်။

ပြီခဲ့သည် အောက်တိုဘာလ ၆ ရက်တွင်လည်း  မတူပီ-ဟားခါးလမ်းမပေါ်ရှိ ခရိုင်ရုံး နှင့် ငလိုင် ကျေးရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်  ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီတို့  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နှစ်ဦးသေဆုံးခဲ့သေးသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#မတူပီမြို့
#တိုက်ပွဲဖြစ်ပွား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly