ကျိုက်ထိုတွင် ရပ်ကွက်ရုံးအနီး ရာအိမ်မှူး ၁ ဦး  ပစ်သတ်ခံရ 

By YT (မဇ္ဈိမ)
28 October 2023
ကျိုက်ထိုတွင် ရပ်ကွက်ရုံးအနီး ရာအိမ်မှူး ၁ ဦး  ပစ်သတ်ခံရ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးကျော်မင်းဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို အတည်ပြုပြောသည်။ 

အသက် (၅၉) နှစ်အရွယ်ရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးကျော်မင်းဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

" ရုံးဆင်းချိန်ပေါ့၊ မဖြူ ကွမ်းယာဆိုင်နဲ့ ရုံးက မျက်စောင်းထိုးလေးတင်လေ၊ မဖြူကွမ်းယာဆိုင်မှာ ကွမ်းဝယ်ပြီး ပြန်အထွက်မှာ အပစ်ခံရတာ၊ ဒါပေမယ့် သေနတ်သံက အရမ်းမကျယ်ဘူး၊ ပွဲချင်းပြီးပဲ ဆုံးတာ" ဟု မြောက်ပိုင်းရပ်ကွက် တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကျော်မင်းဦးသည် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။ 

စစ်ကောင်စီခန့် ရာအိမ်မှူး ဦးကျော်မင်းဦးကို မည်သူတို့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။

စစ်ကောင်စီဘက်ကလာသော သတင်းများတွင် ဦးကျော်မင်းဦးကို ငယ်ဒိုးကျေးရွာဘက်မှ ဆိုင်ကယ်ဖြင့်လာသည့် PDF တဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြနေကြသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း KNU/ KNLA (PC) တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ အသက် (၆၂) နှစ်အရွယ် စောနန်းဦး (ခ) အောင်မျိုးလွင်သည် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသို့ မိသားစုနှင့်အတူ ရောက်ရှိနေစဉ် သေနတ်ပစ်ခတ်ခံရပြီး ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားသည်။

စာတည်း။   ။ နောင်နောင်

#ကျိုက်ထို
#ရာအိမ်မှူး
#မွန်
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly