မိုးကုတ်တွင် တိုက်ပွဲမဖြစ်ဘဲ ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်နေကြောင်း ဒေသခံများ ပြော

By 007 (မဇ္စျိမ)
28 October 2023
မိုးကုတ်တွင် တိုက်ပွဲမဖြစ်ဘဲ ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်နေကြောင်း ဒေသခံများ ပြော

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်၊ အောက်တိုဘာလ ၂၈ ရက်၊ ယနေ့တရက်လုံး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က မိုးကုတ်မြို့ စစ်တန်းရပ်ကွက်ရှိ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ဒီနေ့တရက် တိုက်ပွဲသံမကြားရဘူး၊ ဒါပေမယ့် ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီး ပစ်သံတွေတော့ တချက်တချက်ကြားခဲ့ရတယ်၊ ခြောက်ပစ် ပစ်နေတာလို့ယူဆတယ်” ဟု အမည်မဖော်လိုသူ မိုးကုတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း (ကျပ်ပြင်အရပ်) ဂွေးပင်ကျေးရွာ အနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၆ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့သည်။

“မနေ့ကနဲ့တမြန်နေ့ကတော့ မနက်မိုးလင်းတာနဲ့ ဗုံးသံနဲ့ကြိုဆိုတယ်၊ ဒီနေ့တော့ တိုက်ပွဲသံမကြားရဘူး၊ ဗျူဟာကုန်းဘက်ကတော့ လက်နက်ကြီး ပစ်သံတချို့ ကြားရတယ်၊ ကျွန်တော့အထင်တော့ မိုးကုတ်က စကစတွေ ရှမ်းမြောက်ကို အလွှတ်ခံရမှာကြောက်ပြီး ဒီဘက်မှာ အယောင်ပြပစ်ခတ်နေတယ်ထင်တာပဲ” ဟု နောက်ထပ်ဒေသခံတဦးကလည်း‌ ပြောသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက TNLA  နှင့် မိုးကုတ် PDF တို့ပူးပေါင်းပြီး၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အရပ်ရှိ စစ်ကောင်စီတပ်၏ စခန်းတခုကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က မိုးကုတ်မြို့ ဗျူဟာကုန်းမှ အတွဲလိုက်ဒုံးကျည် အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်သကဲ့သို့ တိုက်လေယာဉ်နှစ်စီးဖြင့်လည်း ဗုံးရှစ်ကြိမ်ကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ တိုက်ပွဲ ၈၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မိုးကုတ်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေပုံ (Photo-CJ)
စာတည်း။   ။ နောင်နောင်

#Mizzima
#မိုးကုတ်
#ဗျူဟာကုန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly