ရန်ကုန်တွင် အွန်လိုင်းငွေကြေးလိမ်လည်သူ တရုတ်နိုင်ငံသား အပါ ၉၅ ဦး ဖမ်းဆီးခံရ 

By ဂန္ဒမာ (မဇ္ဈိမ)
28 October 2023
ရန်ကုန်တွင် အွန်လိုင်းငွေကြေးလိမ်လည်သူ တရုတ်နိုင်ငံသား အပါ ၉၅ ဦး ဖမ်းဆီးခံရ 
ပုံအညွှန်း- အွန်လိုင်းလိမ်လည်မှုအား စစ်ကောင်စီ ဖမ်းဆီးစဉ်(ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ သတင်း မီဒီယာ)

ရန်ကုန်မြို့ တာမွေနှင့် အင်းစိန်မြို့နယ်တို့တွင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုပြုလုပ်သူ  တရုတ်နိုင်ငံသားအပါအဝင် ၉၅ ဦးအား ဖမ်းဆီးလိုက်ကြောင်း  အောက်တိုဘာ ၂၇ ရက်တွင်  စစ်ကောင်စီထုတ်ပြန်သည်။ 

 စစ်ကောင်စီအနေဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း ၊ တာမွေမြို့နယ် ၊ ဦးချစ်မောင်လမ်း ၊ ဦးချစ်မောင်အိမ်ယာ၌ ရုံးခန်းဖွင့်လှစ်ထားသော Supportfix ကုမ္ပဏီအား ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသားတဦးအပါအဝင် အမျိုးသား  ၆၆ ဦးနှင့် အမျိုးသမီး  ၂၂  ဦး  စုစုပေါင်း  ၈၈ ဦး  ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ထိုမှတဆင့် ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက် ၊ လှိုင်မြစ်လမ်းရှိ ကွန်ဒိုတစ်ခုသို့ ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသားတဦးအပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ် ဦး  စုစုပေါင်း ခုနစ် ဦး အား ဖမ်းဆီးရမိကြောင်း သိရသည်။ 

အွန်လိုင်းငွေကြေးလိမ်လည်မှုများပြုလုပ်နိုင်ရန် Supportfix ကုမ္ပဏီအား ဝန်ထမ်းရှာဖွေပေးနေသူသည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသဖြင့် Time City Office Tower ၌ ၎င်းဖွင့်လှစ်ထားသော ရုံးခန်းအား ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များအနေဖြင့် မြန်မာပြည်နယ်စပ်များ၌ ယခုကဲ့သို့ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများလုပ်ဆောင်နေသည်ကို သိရှိသော်လည်း အရေးယူဆောင်ရွက်မှုများမရှိဘဲ  ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ကာမှ ရုတ်တရက်ဆိုသလို ရန်ကုန်၌ ၎င်းလုပ်ငန်းများလုပ်ကိုင်နေသူများကို ဖမ်းဆီးသည့်ပုံစံအား ရန်ကုန်မြို့နေဒေသခံတဦးက ယခုကဲ့သို့မှတ်ချက်ပြုသည်။ 

“ဒီကောင်တွေ(စစ်ကောင်စီတပ်နှင့်လက်အောက်ခံရဲတပ်ဖွဲ့) မသိဘူးဆိုတာဖြစ်နိုင်မလား။  သိသိလျက်နဲ့ ကိုယ့်လူမျိုးတွေ ကျွန်ဖြစ်ဖြစ်၊ ရောင်းစားခံရခံရ လွှတ်ပေးထားတာလေ။  သူတို့မသိကျေးကျွန်ပြုရုံနဲ့ ပိုက်ဆံရနေတာကိုး။  အခုရှမ်းမြောက်မှာ အဆော်ခံရတော့မှ အားခြင်း ရန်ကုန်က အွန်လိုင်းကနေလိမ်တဲ့ကုမ္ပဏီလေး တခု နှစ်ခုလောက်အဖမ်းပြတာ။ ဒါမျိုးတွေရိုးနေပြီ။ လုပ်ဇာတ်တွေ လိမ်စဥ်တွေ။ အခုမှလာလုပ်ပြနေလည်း အပြုတ်တိုက်ခံရမှာပဲ မရတော့ဘူး” ဟု ဆိုသည်။ 

အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှု(ကျဖျင့်) လုပ်ငန်းသည် ယခုကဲ့သို့ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင် အလုပ်အကိုင်အခက်အခဲဖြစ်နေသူများအကြားရေပန်းစားပြီး အချို့မှာ လုပ်ငန်းသဘောတရားသိလျက်ဖြင့် ပညာအရည်အချင်းမလိုဘဲ အင်္ဂလိပ်(သို့) တရုတ် ဘာသာစကား တတ်ရုံဖြင့် သာမန်ကုမ္ပဏီ လုပ်ငန်းခွင်များတွင် ရရှိနေသော လစာများထက် အဆများစွာ ရရှိခြင်းကြောင့် ဝင်ရောက်လုပ်ကိုင်ခြင်းရှိသလို တချို့မှာ ၎င်းတို့၏ လိမ်လည်အလုပ်ခေါ်မှုများကြောင့် ရှမ်းပြည် မြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်တို့တွင် အထိုင်ချလုပ်ကိုင်နေသည့် ကျဖျင့်လုပ်ငန်းရုံများတွင် ရောင်းစားခံရသကဲ့သို့ သွားရောက်အလုပ်လုပ်ကိုင်နေရသူများရှိကြောင်း မဇ္ဈိမ က စုံစမ်းသိရှိထားသည်။ 

လက်ရှိတွင် ကိုးကန့် (MNTJP/ MNDAA) ၊ တအောင်း (PSLF/TNLA)နှင့် ရခိုင် (ULA/AA) ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ရာ ၎င်းစစ်ဆင်ရေး” ဖော်ဆောင်ရခြင်း၏ ရည်ရွယ်ချက်အတွင်း၌ တရုတ်-မြန်မာနယ်စပ် တလျှောက်တွင် ဖြစ်ပွားပျံ့နှံ့နေသော အွန်လိုင်းလောင်းကစားလိမ်လည်မှု(ငွေကြေးလိမ်လည်မှု)အား တိုက်ဖျက်ရန်ပါဝင်ပြီး အဆိုပါလုပ်ငန်းများကိုလုပ်ကိုင်နေကြသော စစ်ကောင်စီနှင့်ဆက်စပ် ပြည်သူ့စစ်အဖွဲ့များနှင့်အတူ အွန်လိုင်းလောင်းကစားကုမ္ပဏီများအား နှိမ်နင်းမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အွန်လိုင်းလိမ်လည်မှု
#တရုတ်နိုင်ငံသား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly