ရှမ်းမြောက်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံး၊  စစ်သုံ့ပန်းများ ဖမ်းဆီးရမိ 

By ရွှေနွယ်၊ ဂျူချန်း (မဇ္ဈိမ)
28 October 2023
ရှမ်းမြောက်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံး၊  စစ်သုံ့ပန်းများ ဖမ်းဆီးရမိ 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် နှစ်ရက်တာ တိုက်ပွဲများအတွင်း  စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့်ရဲများ ရာနှင့်ချီသေဆုံးပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က  စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းမီဒီယာဖြစ်သည့် The Kokang က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၄ နာရီခန့်မှစတင်ကာ ချင်းရွှေဟော်ဒေသ၊ နမ်ဖာရှမ်းဒေသ၊ ကြာကြည်ရှူဒေသ၊ မုံးကိုးဒေသ၊ ကွတ်ခိုင်ခရိုင် ပန်ဆိုင်းဒေသနှင့် မူပန်ခရိုင် တို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများအပြားတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၂၈ ရက်အထိ ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။  မူပန်ခရိုင် ဟိုပန်အုပ်စုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ရှစ်ဦး၊ ချင်းရွှေဟော်စစ်ပွဲဇုန်မှ စစ်သုံ့ပန်း နှစ်ဦးတို့ကိုလည်း ဖမ်းဆီးရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်း အခု ၂၀ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန် စစ်ကောင်စီ တပ်စခန်းအများအပြားကိုလည်း ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် နှစ်စီးကိုလည်း MNDAA က ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ပွဲတိုင်းတွင် MNDAA က  စစ်လက်နက်ပစ္စည်းအများအပြားကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။

"ချင်းရွှေဟော်မှာ ရှိသမျှ စစ်ကောင်စီရုံးတွေအကုန်မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာ အကုန်ပျက်စီးကုန်တယ်။ လူတွေလည်းသေကုန်ပြီ” ဟု လက်ရှိတွင် ချင်းရွှေဟော်မှ မူဆယ်ဘက်သို့ ပြောင်းရွှေ့လာသူ ဒေသခံက မဇ္ဈိမကိုပြောသည်။

ချင်းရွှေဟော်ရှိ အရပ်သားများမှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသူများရှိပြီး MNDAA က အရပ်သား ပြည်သူ ဦးရေ ၁,၀၀၀ ကျော်ကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

 နှစ်ရက်တာ တိုက်ပွဲအတွင်း ချင်းရွှေဟော်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်း ရှစ်ခု၊ နမ်ဖာရှမ်းဒေသတွင် စစ်စခန်း တ ခု၊ ကန့်ဝမ်ထန်နှင့် ခုမာရွာကြားရှိ ကုတ်ထုတ်ပေါက်ပေါက်တောင်ကုန်းတွင်အခြေချသော စစ်ကောင်စီတပ်စခန်းနှင့် လုံထန်ပြည်သူ့စစ်တပ်စခန်း၊ ကြာကြည်ရှူဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ပတ်စော်ချိန်ပြည်သူ့စစ်အဖွဲ့ တို့၏ တပ်စခန်း၊ မုံကိုးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်စခန်း  ငါးခု၊ ကွက်ခိုင်ဒေသရှိ စစ်စခန်း၊ မူပန်ရှိစစ်စခန်းတို့ကို MNDAA က သိမ်းပိုက်နိုင်ခဲ့သည်။ 

လက်ရှိတွင် လောက်ကိုင်၊ မုံးကိုး၊ သိန္နီ နှင့် ချင်းရွှေဟော်တို့တွင် MyTel ဖုန်းလိုင်းမှ အပ ကျန်ဖုန်းလိုင်းများ ဆက်သွယ်၍ မရနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီ တပ်စခန်း
#MNDAA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly