ကော့ကရိတ်မြို့ တိုက်ပွဲ ၂ ရက်ကြာသည်အထိ တိုက်ပွဲပြင်းထန်၊ အရပ်သား ၄ ဦး သေဆုံးကာ စစ်ကောင်စီတပ်စခန်းအချို့ လက်လွှတ်ရ

By သွင်ထူးဈာန် (ကော်သူးလေ) ၊ YT (မဇ္ဈိမ)
28 October 2023
ကော့ကရိတ်မြို့ တိုက်ပွဲ ၂ ရက်ကြာသည်အထိ တိုက်ပွဲပြင်းထန်၊ အရပ်သား ၄ ဦး သေဆုံးကာ စစ်ကောင်စီတပ်စခန်းအချို့ လက်လွှတ်ရ

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့တွင် အောက်တိုဘာ ၂၇ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်BGFနှင့် KNU/KNLA၊PDF ပူပေါင်းတပ်တို့ ကြား နှစ်ရက်ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ 

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း ငါး ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၇ရက် နံနက်ပိုင်းတွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီစခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။ 

"ဒီနေ့ မနက်မှာ ကျနော်တို့စီးနင်းထားတဲ့ နေရာတွေကို စကစဘက်က စစ်ကြောင်းထိုးနေတယ်။  ကျနော်တို့ကလည်း မြို့ကနေ လုံးဝဆုတ်မပေးဘဲ ရင်ဆိုင်တိုက်နေပါတယ်"ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၅)မှ တပ်ခွဲမှူးကိုဇွဲက ပြောသည်။ 

ယင်းကော့ကရိတ်မြို့တိုက်ပွဲ မဖြစ်ပွားမီရက်က စစ်ကောင်စီတပ်က အင်းအားအများအပြားဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ၎င်းကပြောသည်။

"ကျနော်တို့ တန်ပြန်မတိုက်ခင်က စစ်ကောင်စီတပ်တပ်မ(၄၄) လက်အောက်ခံ ခလရ(၂၀၇)ကနေ ပြီးတော့မှ စစ်ကြောင်းထိုးတယ် ။ BGFလည်းပါတယ် ။ PC လည်းပါတယ် (၅၄၆)၊(၅၄၇)၊(၉၇)တပ်ရင်းတွေက ပူးပေါင်းပြီး ဆင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ ကျနော်တို့ တပ်စခန်းကို စစ်ကြောင်းထိုးပါတယ်။ တပ်ရင်း(၂၀၇)က တပ်ရင်းမှူးအပါ ခြောက်ယောက်သေတယ်။ ရှစ်ယောက်ဒဏ်ရာရတယ် ။ တံတားဦးဘက်က ထိုးတဲ့ စစ်ကြောင်းမှာလည်း  ခြောက်ယောက်သေတယ် ကျနော်တို့ တန်ပြန်တိုက်စစ်ထိုးတဲ့ အချိန်မှာလည်း သူတို့ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းမှာ တပ်ကြပ်အလောင်းတလောင်းရတယ် ။ ချောင်းထဲအလောင်းတွေပစ်ချတာတွေလည်း တွေ့ရတယ်"ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၅)မှ တပ်ခွဲမှူးကိုဇွဲက ပြောသည်။ 

လက်ရှိ အချိန်အထိ ကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

"တိုက်ပွဲဖြစ်နေတာက နေရာစုံဖြစ်နေတော့ မြို့ခံတွေက ဘယ်ပြေးလို့ ပြေးရမလဲ မသိဘူးဖြစ်နေတယ်။  လက်နက်ကြီးမှန်လို့ သေတဲ့သူတွေလည်း ရှိ ဒဏ်ရာရတဲ့သူတွေလည်း ရှိနေတယ် တော်တော်များများ ပိတ်မိနေတယ်"ဟု ကော့ကရိတ်ဒေသခံတဦးက ပြောသည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ KNU/PC (၅၅၅)တပ်ရင်း မင်းမင်းနှင့် BGF  (၁၀၁၆) ချစ်မိုးတို့က ပူးပေါင်းပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။ 

ထို့အတူ စကခ(၁၂)လက်အောက်ခံ အမြောက်တပ်ရင်း နှစ်ရင်းကလည်း  (၆၀)မမ၊ (၈၁)မမ ၊(၁၂၀) မမ ဟောက်ဝစ်ဇာ မစ်ဇိုင်းများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားရာနေရာများသည် ကော့ကရိတ်မြို့တွင်း မြို့ပြင် ၊ကျုံဒုံး ၊တမိုင်ကုန်း ၊ကော့ကရိတ် -အာရှလမ်းမ ၊ ကော့ကရိတ်အနီး ကျေးရွာများနှင့် စစ်ကောင်စီတပ်ရင်းများ၌ပါ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ 

လက်တလော တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် အတွက်  အသေးစိတ် အကြောင်းအရာများကို  မသိရှိရသေးပေ။

တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ရက်တာအတွင်း အရပ်သားပြည်သူ လေးဦးသေဆုံးကာ ဘုန်းကြီး နှစ်ပါးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိထားကြောင်း သိရသည်။
 
ကော့ကရိတ်မြို့နယ်အတွင်းသို့ ယနေ့နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များ အင်အားဖြည့်တင်းမှုခြင်းရှိနေသည့်အပြင် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်အတွက် ကော့ကရိတ်မြို့ခံအချို့ နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စာတည်း။         ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့
#တိုက်ပွဲဖြစ်ပွား
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly