စစ်သားနှင့်ရဲများ လက်နက်ချရန်နှင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အလင်းဝင်ရန် MNDAA သတိပေး

By ဂျူချန်း(မဇ္ဈိမ)
28 October 2023
စစ်သားနှင့်ရဲများ လက်နက်ချရန်နှင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အလင်းဝင်ရန် MNDAA သတိပေး
ပုံအညွှန်း- MNDAA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-The Kokang)

ကိုးကန့်ဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သား နှင့် ရဲများ လက်နက်ချရန်နှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အလင်းဝင်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) က ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သတိပေးလိုက်သည်။

လက်နက်ချ အလင်းဝင်လာသူများသည်  စစ်သုံ့ပန်းမူဝါဒ အပြည့်အဝ ခံစားရမည်ဖြစ်ပြီး ဒဏ်ရာရသူများကိုလည်း ကောင်းမွန်စွာ ကုသပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“စစ်သုံ့ပန်းအား ဂရုတစိုက် စောင့်ရှောက်ရေး ဟူသော မူဝါဒသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက်ပါ အကျုံးဝင်သည်” ဟု ထုတ်ပြန်ထားသည်။

 ကိုယ်ပိုင်အသိစိတ်ဖြင့် အလင်းဝင်လာသူများကို MNDAA က လှိုက်လှဲစွာ ကြိုဆိုပြီး ရောက်ရှိလာသူမှန်သမျှ၏ အသက်၊အိုးအိမ်၊စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် အလင်းဝင်ခြင်းမရှိဘဲ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာရွက်စာတမ်းနှင့် ဓါတ်ပုံ၊ စာရင်းဇယားများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို ကြေညာပြီးနောက် လောက်ကိုင်မြို့နယ်၊ချင်းရွှေဟော်ဒေသကို MNDAA က ထိန်းချုပ်ထားသည်။ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ချင်းရွှေဟော်ဒေသရှိ နမ့်ကျွမ်းတပ်စခန်းအပါအဝင် တပ်စခန်းသုံးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly