ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ လယ်သမားများအား COVID ချေးငွေနှင့် စိုက်ဘဏ်ချေးငွေများ ပြန်ဆပ်ရန် စိုက်ဘဏ်မန်နေဂျာက သတိပေးစာပို့ အကြောင်းကြားနေသည်ဟု ဒေသခံတောင်သူများထံu သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှစတင်ကာ အင်္ဂပူမြို့နယ်အတွင်းရှိ လယ်သမားများထံသို့ သတိပေးစာများ ပို့နေခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာ လက်ခံရရှိသည့် တောင်သူများအား ကျေးရွာ အုပ်စုအလိုက် ရက်သတ်မှတ်ကာ ဆင့်ခေါ်နေပြီး အင်္ဂပူမြို့နယ်၊ ပိန်နဲကွင်း ကျေးရွာအုပ်စုနေ တောင်သူများကို အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက ဆင့်ခေါ်ခဲ့ကြောင်း တောင်သူတဦးက ဆိုသည်။
"စိုက်ဘဏ်က ခေါ်လို့သွားတဲ့အခါမှာ တလအတွင်း အကြွေးပြန်ဆပ်ပါ့မယ်ဆိုတဲ့ ခံဝန်လက်မှတ် ထိုးခဲ့ရတယ်။ မပေးရင် တခါတည်းဖမ်းမယ်လို့လည်း ပြောတယ်။ကျွန်တော်တို့ကတော့ လက်မှတ်သာထိုးခဲ့ရတာ၊ ငွေကြေးတအားကြပ်တည်းနေတော့ ဆပ်နိုင်မယ်မထင်ဘူး"ဟု ပိန်နဲကွင်း ကျေးရွာအုပ်စုနေ တောင်သူတဦးက ပြောသည်။
အချို့ကျေးရွာအုပ်စုများတွင်မူ စိုက်ဘဏ်ချေးငွေများ ပြန်မဆပ်ပါက ငွေချေးယူစဥ်က စိုက်ဘဏ်၌ အပ်နှံခဲ့ကြရသည့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)အား အပြီးသိမ်းဆည်းမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်နေကြောင်း ၎င်းကဆက်ပြောသည်။
၂၀၂၀ ခုနှစ်က စတင်ချေးယူထားသည့် COVID ချေးငွေနှင့် စိုက်ဘဏ်ချေးငွေယူခဲ့သူ အင်္ဂပူမြို့နယ် ဒေသခံ တောင်သူ ဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အကြွေးပြန်မဆပ်နိုင်ကြကြောင်း တောင်သူများက ခန့်မှန်းပြောဆိုသည်။
“ချေးငွေယူထားပြီးရင် ပြန်ပေးရမှာမှန်ပေမယ့် ဒီကာလမှာ ကုန်စျေးနှုန်းတွေတက်၊ သွင်းအားစုတွေစျေးက တက်နေတာ။ တရားစွဲခံရပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ရုပ်သိမ်းခံရရင်တော့ လယ်သမားအများကြီး ဒုက္ခရောက်မှာ သေချာပါတယ်"ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက သုံးသပ်ပြောသည်။
စိုက်ဘဏ်ချေးငွေများကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်များမှ တနှစ်လျှင် နှစ်ကြိမ် ထုတ်ချေးပေးလေ့ရှိပြီး တဧကလျှင် ၁၅၀,၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ဧကအထိ ထုတ်ချေးပေးခြင်း ဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး