တော်လှန်စစ်ကို ထောက်ခံကြိုဆိုသည့်အနေဖြင့် ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ(မဇ္ဈိမ)
28 October 2023
တော်လှန်စစ်ကို ထောက်ခံကြိုဆိုသည့်အနေဖြင့် ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

တော်လှန်စစ်ကို ထောက်ခံကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့တ‌နေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို NDOPSC နှင့် မဟာမိတ်များ ပူးပေါင်း၍ အောက်တိုဘာ ၂၇ ရက် ညပိုင်းကပြုလုပ်ခဲ့ ကြောင်း NDOPSC ၏ လူမှုကွန်ရက်စာမျက်နှာတွင်  ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

"ကျနော်တို့မြို့ကို ကျနော်တို့ ပိုင်တယ် ။ တဖက်မှာလည်း လက်နက်ကိုင်တိုင်းရင်းသားတပ်တွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ်။ ရန်ကုန်လည်းမငြိမ်ဘူး ။ ရန်ကုန်လည်း သွေးအေးနေတာမဟုတ်ဘူးဆိုတာ ပြချင်တာပါ"ဟု North Dagon Oppressed People's Strike Colition - NDOPSC မှ အတွင်းရေးမှူး ကိုခန့်သူရအောင်က မဇ္ဈိမကိုပြောသည်။

ယခု လှုပ်ရှားမှုသည် ကားလမ်းမအလယ်၌ တာယာမီးရှို့ခြင်းဖြစ်ပြီး ယခင်က ရန်ကုန်မြေပြင်သပိတ်များတွင် တာယာမီးရှို့ကာ စစ်တပ်ကို ဆန္ဒပြကြသည့် ပုံစံမျိုး ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

''အမှန်ကတော့ ကျနော်တို့ငြိမ်ချင်ငြိမ်မယ်။ ကြွချင်ကြွမယ်။ ဘယ်လိုဖိနှိပ်မှုမျိုးကိုမှ ကျနော်တို့မခံဘူး ။ တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ အသံတွေထွက်ပေးဖို့လိုပါပြီ ။ ဖိနှိပ်မှုတွေကို ခါးစည်းခံနေလို့မရတော့ပါဘူး ။ တယောက်တသံ ထွက်နေတာထက် ပြိုင်တူတွန်းရင် အရွေ့မြန်မှာပဲ'' ဟု မြေပြင်လှုပ်ရှားမှုတွင် ပါဝင်သူတဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မြို့ပြပြောက်ကျားအဖွဲ့များဘက်မှ ရန်ကုန်မြို့၌ စစ်ဆင်ရေးအရှိန် မြှင့်တင်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း ၎င်းတို့ လုံခြုံရေးအတွက် မြို့နယ်တွင်း ကင်းပတ်ခြင်း၊ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ မြေပြင်သပိတ်အား ရဲဘော်များမှ စွန့်စား၍ ထွက်လာရခြင်းသည် စစ်ကောင်စီဖန်တီးသည့် အတုအယောင် ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲများကြား ပါဝင်ပြီး ပုံမှန်အတိုင်း နေထိုင်နေသော လူငယ်များကို မြင်စေလို၍ဖြစ်ကြောင်း NDOPSC အဖွဲ့က ပြောသည်။

အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီး  ရက် ၁,၀၀၀ ကြာမြင့်လာချိန်တွင် ခုခံတွန်းလှန်စစ်မှ တိုက်စစ်အသွင် ကူးပြောင်းလာမှုကို ပြည်သူများအနေဖြင့် မြင်တွေ့နေရပြီဖြစ်ပြီး မြို့ပြရန်ကုန်ရှိ ရန်ကုန်လူထုသပိတ်က တော်လှန်ရေးရဲဘော်များကလည်း ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းဆုံနေရာအချို့တွင် 'ငါတို့ကိုအိပ်မက်မက်ခွင့်မပေးရင် မင်းတို့ကိုအိပ်စက်ခွင့်မပေး' ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြ‌သည်။

အမှောင်ကျနေသည့် တိုင်းပြည်တွင် ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုအောက် နစ်ဝင်မသွားဘဲ တော်လှန်ရေးအင်အားစုများနှင့်အတူ ဆန့်ကျင်တွန်းလှန်ကြရန်လည်း  ရန်ကုန်လူထုသပိတ်က နှိုးဆော်ထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly