နမ့်ခမ်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ကလေး ၂ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

By ရွှေနွယ်(မဇ္ဈိမ)
27 October 2023
နမ့်ခမ်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ကလေး ၂ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
ပုံအညွှန်း - နမ့်ခမ်းမြို့နယ်မှဒဏ်ရာရကလေးငယ်။(ဓာတ်ပုံ -Aung Naing Win Facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့၌  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေး နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရှိသည်ဟု လူမှုကူညီရေးအဖွဲ့ဝင်ထံက သိရသည်။

“ကလေးငယ်လေး လေးနှစ်သားကို နမ့်ခန်းက လူမှုကူညီရေးအသင်းနဲ့ ပူးပေါင်းပြီး တရုတ်ပြည်ပို့ဖို့ အခုစောင့်နေတယ်ဗျ” ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း - နမ့်ခမ်းမြို့နယ်မှဒဏ်ရာရကလေးငယ်။(ဓာတ်ပုံ -Aung Naing Win Facebook)

ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းအချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေး တဦးနှင့် ကိုးနှစ်အရွယ်ကလေး ကလေးတဦး သေဆုံးမှုရှိပြီး လေးနှစ်အရွယ် ကလေးတဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရလူနာများအား  တရုတ်နိုင်ငံဘက်အခြမ်းသို့ ပို့ဆောင်ကုသပေးရန် ဆောင်ရွက်နေပြီး တရုတ်နိုင်ငံဘက်အခြမ်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ပို့ဆောင်ကုသပေးနေသည်ဟု လူမှုကူညီရေးအဖွဲ့ဝင်တဦးက ဆိုသည်။

ပုံအညွှန်း - နမ့်ခမ်းမြို့နယ်မှဒဏ်ရာရကလေးငယ်။(ဓာတ်ပုံ -Aung Naing Win Facebook)

နမ့်ခမ်းမြို့တွင် ယနေ့ နံနက် ၅ နာရီအချိန်ခန့်မှစတင်ကာ နံနက် ၉ နာရီခန့်အထိ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင်မူ အခြေအနေအနည်းငယ်တည်ငြိမ်လျက်ရှိသည်ဟု ဒေသခံများကပြောသည်။

အလားတူ ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာမြို့တွင်လည်း ယနေ့ နံနက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရပ်ကွက် (၄) ရှိနေအိမ်တအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိသားစုဝင် ရှစ်ဦးထိခိုက်ဒဏ်ရာရ၍ ကလေးငယ်တဦးသေဆုံးကြောင်း နမ့်ဖက်ကာဒေသခံက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကိုမူ လက်ရှိတွင် ကွက်ခိုင်မြို့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

ပုံအညွှန်း - နမ့်ခမ်းမြို့နယ်မှဒဏ်ရာရကလေးငယ်။(ဓာတ်ပုံ -Aung Naing Win Facebook)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းများအား (၁၀၂၇) စစ်ဆင်ရေးအဖြစ် တစ်ပြိုင်နက် တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

ယနေ့နံနက်တွင် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စသည့်မြို့နယ်များမှ စစ်ကောင်စီစခန်းနေရာများ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly