ရှမ်းမြောက်တိုက်ပွဲတွင် BPLA တပ်ရင်း ၂ ခုပါဝင်တိုက်ခိုက်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
27 October 2023
ရှမ်းမြောက်တိုက်ပွဲတွင် BPLA တပ်ရင်း ၂ ခုပါဝင်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းများအား ၁၀၂၇ စစ်ဆင်ရေးအဖြစ် တပြိုင်နက် တိုက်ခိုက်နေသည့်အထဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပါဝင်ပူးပေါင်း တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေး၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရန် Operation 1027 - (၁၀၂၇) စစ်ဆင်ရေးအဖြစ် ယနေ့  အောက်တိုဘာလ ၂၇ ရက် နံနက်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က  ပူးတွဲ ကြေညာပြီး တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

"Operation 1027(၁၀၂၇ စစ်ဆင်ရေး)မှာ မဟာမိတ်ညီနောင်တပ်ဖွဲ့များနှင့် ကျွန်တော်တို့ BPLA က စစ်ကြောင်းနှစ်ကြောင်းနဲ့ အဓိကပါဝင်တိုက်ခိုက် နေပါတယ်။ကျန်တာတွေကို လက်ရှိအခြေအနေမှာ ပြောလို့မရသေးပါဘူး” ဟု BPLAပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက မဇ္ဈိမကို ပြောသည်။

လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ နေရာများတွင်  ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် လမ်းပိုင်းနှစ်ခုကို အရေးပေါ်ပိတ်ထားကြောင်း ယနေ့ နံနက်တွင်  MNDAA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲအခြေနေသည် ပြင်းထန်လျက်ရှိနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိနေသည်ဟု သိရသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA)ကို  အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ကြသည့် တက်ကြွလှုပ်ရှားသူ ၁၇ ဦးဖြင့် အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly