ဒီပဲယင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ပြည်သူ ၂၀,၀၀၀ ကျော်ခန့်ဘေးလွတ်ရာ ထွက်ပြေး

By MTO(မဇ္ဈိမ)
27 October 2023
ဒီပဲယင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ပြည်သူ ၂၀,၀၀၀ ကျော်ခန့်ဘေးလွတ်ရာ ထွက်ပြေး
ပုံအညွှန်း - စစ်ကောင်စီစစ်ကြောင်းကြောင့်  စစ်ဘေးရှောင်နေရသည့် ပြည်သူများကို တွေ့ ရစဉ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရှမ်းတောရွာထဲကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း People”s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်ကပြောသည်။

ပုံအညွှန်း - စစ်ကောင်စီစစ်ကြောင်းကြောင့်  စစ်ဘေးရှောင်နေရသည့် ပြည်သူများကို တွေ့ ရစဉ်

၎င်းက “ ရှမ်းတောရွာကို ဝင်ပြီး မီးရှို့နေကြတယ်၊ အပြစ်မဲ့ပြည်သူတချို့လည်း ရှမ်းတောရွာထဲ ဖမ်းဆီးထားသလို   ပြည်သူပိုင်ဆိုင်ကယ် ၁၁စီးလောက်လည်း သိမ်းထားတယ်၊ ရှမ်းတောရွာကို မီးရှို့တာက ဆိုင်ကယ်တွေရှို့နေတာလား နေအိမ်တွေရှို့နေတာလား အတည်မပြုနိုင်သေးပါဘူး” ဟု အောက်တိုဘာလ ၂၆ ရက်နေ့  ညနေပိုင်းက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိကျေးရွာများဖြစ်သည့် တောကျောင်း၊ အင်းတန်း၊  ဝဘာ၊ မှန်သာ၊ ငဝဲတော၊ မဲသယ်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လပ်တီး ကြည်၊ ဘုရားထွက်၊ သာစည်၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ကျွန်းတော၊ ဘုတ်ထမ်း၊ ခြုံရွာ၊ သိမ္ဘာ၊ ပန်းပု၊ ထောက်ရှာ၊ အင်းကုန်း၊ မင်းတဲကုန်း၊ ရှမ်းတော၊ ကလန့် စသည့် ကျေးရွာပေါင်း ၂၅ ရွာလောက် စစ်ရှောင်ပြည်သူပေါင်း ၂၀,၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ပုံအညွှန်း - စစ်ကောင်စီစစ်ကြောင်းကြောင့်  စစ်ဘေးရှောင်နေရသည့် ပြည်သူများကို တွေ့ ရစဉ်

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက လမ်းတလျှောက် ချုံခိုတိုက်ခိုက်ခြင်း ၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ထားသော်လည်း ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၀ဘာ ကျေးရွာအတွင်းရှိ ပြည်သူ့ နေအိမ် ခုနစ်လုံး စပါးတိုက် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စပါးတင်းရေ ၈၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။

ပုံအညွှန်း - စစ်ကောင်စီစစ်ကြောင်းကြောင့်  စစ်ဘေးရှောင်နေရသည့် ပြည်သူများကို တွေ့ ရစဉ်

အောက်တိုဘာလ ၂၁ ရက်နေ့ မှ အောက်တိုဘာလ ၂၆ ရက်နေ့ အထိ ခြောက်ရက်တာကာလအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၀ဘာ၊ တောကျောင်း၊ မှန်သာ၊ ငဝဲတော၊ ကြည်၊ အုန်းတင်၊ သိမ္ဘာ၊ ကံပြား၊ ရှမ်းတော စသည့်ကျေးရွာများကို ပစ်ခတ်ဝင်ရောက်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခဲံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly