ကျောင်းသားတွေ နိုင်ပါစေ

ကျောင်းသားတွေ နိုင်ပါစေ

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးတော်ပုံတစ်ခုမှာ တာဝန်ရှိသူ ရဲချုပ်တစ် ယောက်က ခုလို ပြောကြားခဲ့ပါတယ်။ "ဒီကိစ္စမှာ အမှားရှိရင် အပြစ်ပေးမှာပါ။ ကျောင်းသားတွေ ဘက်က ရန်စမှုတွေ ရှိခဲ့တယ်ဆိုတာတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဒါကြောင့် လုံခြုံရေး တပ်ဖွဲ့တွေဟာ သူတို့ရဲ့ ဒေါသကို မထိန်းချုပ်ဖူးလို့ ရှင်းပြလို့ မရပါဘူး" တဲ့။ ဟာ လက်ပံတန်း ကျောင်းသား အရေးတော်ကတည်းက ပြောရမယ့်စကား၊ အခုမှ ဘာလို့များ လာပြောနေရသလဲ။ နောက်တောင်ကျနေပြီ။ အစိုးရသစ် ပြောင်းသွားလို့လား။ ဘာလား၊ ညာလား ဒီလိုတွေးလိုက် မိရင်တော့ စာဖတ်ပရိသတ်ကြီး လွဲပါပြီခင်ဗျာ။

ဖြစ်တဲ့ ကျောင်းသားအရေးတော်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာပါ။ အထက်က စကားပြောကြားသူ က ပါရီရဲချုပ် ကာဒေါ့ပါ။ ဖြစ်စဉ်က ဒီလိုခင်ဗျ။ မတ်လ ၂၄ ရက်နေ့က ပါရီမှာ အလုပ်သမားရေးရာ   ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ ကျောင်းသားတွေနဲ့ ရဲတွေ ထိတ်တိုက် ရင်ဆိုင်ခဲ့ကြပါတယ်။ မြေပြင်ပေါ်လဲကျနေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ယောက်ကို ရဲနှစ်ယောက်က ချုပ်ကိုင် ထူမတ်ပေးပြီးနောက် ရဲတစ်ဦးက လက်သီးနဲ့ အပြင်အထန် ထိုးနှက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဖြစ်စဉ် ဗီဒီယိုဖိုင် ဟာ ပြင်သစ်တစ်ပြည်လုံးကို ပျံ့နှံ့သွားခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်းလုံးဒေါသတွေ ပေါက်ကွဲခဲ့ကြ ပါတယ်။ အထိုးခံရတဲ့ ကျောင်းသားငယ်က "ကျွန်တော်တို့က ဆန္ဒပြပြီး ကြက်ဥတွေနဲ့ ပစ်ခဲ့ကြပါ တယ်။ ရဲတစ်ဦးက ကျွန်တော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ထဦး၊ ထဦးပြောပြီး လက်သီးနဲ့ ထိုးခဲ့တယ်။ ကျနော် ခေါင်းတစ်ခုလုံးလည်း ချာချာလည်နေခဲ့တာပါပဲ" လို့ ပြင်သစ်မီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

ဒီကိစ္စတွေအပြီးမှာ ပါရီရဲချုပ် ကာဒေါ့ရဲ့စကား ထွက်ပေါ်လာတာပါ။ ကျောင်းသားတွေဘက်က ရန်စမှုတွေ ရှိခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ဒေါသကို မထိန်းချုပ်ဘူးလို့ ရှင်းပြလို့  မရဘူးတဲ့။ မောင်မှန် တို့ဆီက ဟိုကရိုက်လို့ ဒီက ပြန်ရိုက်ရတာပါဆိုတဲ့ စကားနဲ့တော့ ကွာချင်တိုင်းကို ကွာနေတော့တာ။ ထားပါတော့။ ခုတော့လည်း အမှုတွေ ပိတ်သိမ်းပေးပြီး   ထောင်တွေကနေ   ကျောင်းသားတွေကို ပြန်လွတ်ပေးလိုက်ပါပြီ။

ဒီအခါမှ ပညာရေး သပိတ်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေအဖို့ နောက်ထပ် အရေးတော် ပုံတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ အစီအစဉ်တကျ ပြင်ဆင်ထားတဲ့ Online အရေးတော်ပုံပေါ့။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော စုပေါင်း ရောမွှေပြီ သမပါတော့တယ်။ (ဒါလည်း လက်ပံတန်း ရိုက်ချက်နီးပါးပါပဲ) ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ထောင်က လွတ်မြောက်လာသူတွေကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရအောင် ထပ်လုပ်ခဲ့ကြတာပါ။

 ဘယ်သူတွေ အစထောင် အစပျိုးခဲ့တယ်ဆိုတာကတော့ ရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဘုံတူညီချက်တစ်ခု ရှိနေတဲ့ NLD အစိုးရသစ်နဲ့ ဗကသ ကျောင်းသားတွေအကြား တစ်သွေး တစ်သားထဲ ဖြစ်သွားမှာ (လုံးဝ)လုံးဝ မလိုလားသူများပေါ့။ နောက်တစ်နည်းပြောရရင် ၂၀၀၈ ဖွဲ့စည်း ပုံကို မိမွေဖမွေလို သဘောထားကြသူများပေါ့။ သူတို့က သူတို့အလုပ် သူတို့လုပ်တာပဲ၊ လုပ်ခဲ့ကြတာ လည်း အခုမှ မဟုတ်ဘူး။ နှစ်ပရိစ္ဆေဒကို ကြာလှပေါ့။ ဘာမှ မဆန်းပါဘူး။ ဆန်းတာက အဲဒီ့ နှပ်ကြောင်း စီးကြောင်းထဲ မီရာယာဉ်တစ်စီးစီးကို စီးပြီး အမြန်လိုက်လာတဲ့ ပုဂ္ဂိုလ်တစ်ချို့ရဲ့ လုပ်ရပ် တွေပါ။ အထူးသဖြင့် စာပေနယ်ပယ်က ဆရာတွေပေါ့။

 ကျောင်းသားသပိတ် အရှိန်အဟုန် ကောင်းနေစဉ်တုန်းကဆို ကျောင်းသားထိ မချိအောင်နာပါ တယ်ဆိုတဲ့ သူတွေလဲပါ။ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ ကိုယ်က (ကြီးကြီးမားမား) ဘာမှ မလုပ်ခဲ့ ပေမဲ့ ခုလို ဆွမ်းလောင်းဖို့ အခွင့်သာ အခါသင့်လာတဲ့အခါ တပ်စွမ်းသဘောက် ဒါန ဝင်ပြုလိုက်ဦးမ ဟဲ့ဆိုတဲ့ အငုပ်စိတ်နဲ့ ဆရာတွေလည်း ပါတာပေါ့။

သမီးဖတ်ဖို့၊ သားဖတ်ဖို့၊ မြေးဖတ်ဖို့၊ ပူတူတူးလေးဖတ်ဖို့ စတဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေချည်း ဖတ်ဖို့ အရေးများလေတဲ့ ဆရာတစ်ယောက်ကလည်း Online ကနေ ခါတော်မီလေး မဆိုင်တဲ့အ ပေါက် ဂလိုင်နဲ့ ဝင်ခေါက်ပါတယ်။ သူ့ရဲ့ စာပေလမ်းကြောင်းဟာ အများသိပြီးသား ဆုံးမစာတွေ လောက်ပါ။ "အိပ်ယာထရင် မျက်နှာသစ်လို့၊ မညစ်ပတ်အောင် နေပါ့မယ်" ဆိုတာမျိုး သာသာပါပဲ။ ခုတော့လည်း သူက ကျောင်းသားတွေကို (ဘာမှ ရေရေရာရာ မသိဘဲနဲ့) သဒ္ဓါတတ်အား နည်းများ မဆို ကုသိုလ်ပါဝင်လာတာ တွေ့ရပါတယ်။

 စစ်အာဏာရှင်ခေတ်မှာ ကြုံရာကျပန်း အာဏာရှိသူတွေနဲ့ နည်းလမ်းပေါင်းစုံ ပတ်သက်၊ စီးပွားလုပ် ကိုယ်ကျိုးရှာခဲ့ပြီး အတိမ်းအစောင်းဖြစ်တော့ ပြည်ပထွက်ပြေး၊ ဗိုလ်ချုပ်တွေရဲ့ အတွင်းရေး လိုလို ရန်ကုန်လူမိုက်တွေရဲ့ အတွင်းရေးလိုလို မဟာဝတ္တုကြီးတွေရေးပြီး စာပေလောကထဲ ဝင်လာတဲ့ တစ်ယောက်ကလည်း သဒ္ဓါမနည်းရှာပါဘူး။ ကျောင်းသားတွေကို နိုင်စွမ်းသ၍ ဝင်လောင်းပါတယ်။ သူကလည်း နိုင်ငံရေး စာရေးဆရာလိုလို စစ်အာဏာရှင် ဆန့်ကျင်ရေးသမားကြီးလိုလိုကို ခင်ဗျ။

တစ်ယောက်ရှိသေးတယ်။ အံ့သြစရာကောင်းလောက်အောင်ကို သူ့အယူအဆက ထူးပေဆန်း ပေတယ်။ ဗကသခေါင်းဆောင် မဖြိုးဖြိုးအောင်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည် လို့ ခေါ်တာကို အဲဒီပုဂ္ဂိုလ်က တန်းညှိတဲ့သဘောလား။ ဖြိုးဖြိုးအောင်ကို စောင့်ကြည့်သွားရမယ် ဘာညာဆိုပြီး သူ့ Facebook မှာ လုပ်လာတယ်။ အဲသလိုမခေါ်လို့ ဘယ်လိုခေါ်ရမလဲ။ ဒါကို သူက အသည်းနာ ကမ္ဘာမကြေ ဖြစ်နေပုံပဲ။ စစ်အာဏာရှင်တစ်ခေတ်လုံး ဒေါ်စုကြည်၊ ဒေါ်စုကြည်လို့ ခေါ်သူတွေ ခေါ်နေတုန်းကကျ ကိုယ့်ဆရာက ဘယ်နားသွားအိပ်ပျော်နေတယ် မသိဘူး။ သူကတော့ ဆွမ်းကြီးလောင်းပွဲကို မမီမှာစိုးတာနဲ့ အတင်းပြေးလာ လောင်းတာပါ။

အခုတင်ပြမယ့် တစ်ယောက်ကတော့ Online မဟုတ်ဘူးခင်ဗျ။ လူအကောင်အထည်လိုက် ကြီး အားပေးတာပါ။ ဗဟန်း ဗိုလ်စိန်မှန်ကွင်းက သြင်္ကန်ဆုပေးမဏ္ဍပ်မှာ (၁၅-၄-၁၆)နေ့ညက အဲဒီ့ ပုဂ္ဂိုလ် ကဗျာရွတ်ပါတယ်။ ကဗျာမရွတ်ခင် အချီးစကားဆိုရာမှာ အမေစုရဲ့ အမျိုးသား ပြန်လည်ရင် ကြားစေ့ရေး မူဝါဒအရ သူ ကဗျာတွေ ရေးမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဘယ်လိုဖြစ်ရတယ် မသိ ဘူး။ နိုင်ငံရေးမူဝါဒနဲ့ သူ့ကဗျာ ဘယ်လိုဆက်စပ်မှန်း မောင်မှန် တွေးကြည့်လို့ မရဘူး။ ထားပါတော့။ သူရွတ်တဲ့ကဗျာက "လောင်းလိုက်၊ ရွှဲရွှဲစိုအောင် လောင်းလိုက်" တဲ့။ ကဗျာပိုဒ်တစ်ပိုဒ်မှာ ဘာတွေပါ သလဲဆိုတော့ "လောင်းလိုက်၊ ရွှဲရွှဲစိုအောင် လောင်းလိုက်၊ အပမီနေတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံ ပြည်သူတွေကို အပကင်းစင်သွားအောင် လောင်းလိုက်၊ ရွှဲရွှဲစိုအောင် လောင်းလိုက်" စတာတွေ ပါလာတယ်။ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေက အပမီနေသတဲ့။ ဘယ်လိုအပမျိုးပါလဲ ခင်ဗျာ။ ကဗျာရေးသူက တစ်ခါတည်း ထည့်ရေး၊ ထည့်ပြောသွားဖို့ ကောင်းတာပါ။ ဟောဒီ ဆွမ်းကြီးလောင်း ပွဲကြီးမှာ သူက လောင်းလိုက်၊ ရွှဲရွှဲစိုအောင် လောင်းလိုက် ဆိုပြီး နောက်ဆုံးပိတ် ရေစက်ချ အမျှဝေ သွားတာပါ ခင်ဗျာ။

နိဂုံးကမှတ် အဆုံးသတ်ရရင်တော့ မောင်မှန်တို့ဆီမှာ စစ်အာဏာရှင်စနစ်ဟာ တစုံတရာ တည်တန့်နေတုန်းပါ။ ပါရီကရဲချုပ်မျိုးလည်း မရှိသေးပါဘူး။ တက်တဲ့ အစိုးရ ဖားတာလည်း ဖားကြ ပေါ့။ အကြောင်းအကျိုး ညီညာမှ ဇာတ်ကွက်က လှမှာပါ။ သေချာတာတစ်ခုကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတာ ရဲစခန်းထဲ သံချပ်သွားတိုင်တာတော့ မဟုတ်ကြောင်းပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly