စစ်ကောင်စီကို ချေမှုန်းမည့် Operation 1027စတင်ကြောင်း မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ကြေညာ

By ဂျူချန်း၊ရွှေနွယ် (မဇ္ဈိမ)
27 October 2023
စစ်ကောင်စီကို ချေမှုန်းမည့် Operation 1027စတင်ကြောင်း မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ကြေညာ
ဓာတ်ပုံ- မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကိုတွေ့ရစဉ် (ဓာတ်ပုံ- AA)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီအထိုင်ချတပ်စွဲနေသည့် တပ်စခန်းများအား ၁၀၂၇ စစ်ဆင်ရေးအဖြစ် တပြိုင်နက် တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွဲ ပူးတွဲ ထုတ်ပြန်လိုက်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့မှ ပြည်သူလူထုကို ခုခံကာကွယ်နိုင်ရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေး၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေးတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရန် Operation 1027 (၁၀၂၇) စစ်ဆင်ရေးအဖြစ် ယနေ့ နံနက်တွင် ပူးတွဲ ကြေငြာလိုက်ခြင်းဖြစ်သည်။

ယနေ့နံနက်တွင် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊​ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စသည့်မြို့နယ်များမှ စစ်ကောင်စီစခန်းနေရာများ၌ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

“မနက် ၄နာရီလောက်က အသံကြားရတာ အခြေအနေက ဘာမှမသိရသေးဘူး။ ကျနော်တို့လည်း လောလောဆယ် မြို့ထဲကနေ ဘာမှကို ကူညီလို့ မရသေးဘူးဗျ” ဟု လားရှိုးမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူ တဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင်  ချင်းရွှေဟော်မြို့၊အကောက်ခွန်ရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ချင်းရွှေဟော်မြို့၊အကောက်ခွန်ရုံးကိုMNDAA က ယနေ့ နံနက် ၄ နာရီတွင် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" မနက်မလင်းခင် ရုတ်တရက် ကြားရတာပဲ။ ဆူညံပွက်လောရိုက်ကုန်တာ။ စစ်တပ်ဘက်က အကုန်သေတယ်လို့ ‌ပြောကြတယ်" ဟု ချင်းရွှေဟော်မြို့ဒေသခံတဦးကပြောသည်။

အဆိုပါ ရုံးမှ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနဉီး စုံစမ်းသိရှိရသည်။ချင်းရွှေဟော်အပြင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီစခန်းအချို့ကိုလည်း MNDAA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း လောက်ကိုင်မြို့ ဒေသခံများထံမှသတင်းရရှိသည်။

တနိုင်ငံလုံးရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီ၏ လက်အောက်တွင်တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့များအနေဖြင့်ပါ လက်ရှိ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေသည့် စစ်ဆင်ရေးအတွင်းပူးပေါင်းပါဝင်ပေးကြရန် MNDAAက ယနေ့ နံနက် ထုတ်ပြန်တိုက်တွန်းထားသည်။ လတ်တလောတွင် တိုက်ပွဲအခြေအနေများအရ လားရှိုး-ချင်းရွှေဟော် နှင့် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးများကို အရေးပေါ်ပိတ်ထားပြီး ပြန်ဖွင့်မည့် ရက်ကိုထပ်မံ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required