ဗီနီစီယပ်စ်ကို တိုက်ခိုက်တဲ့ ဘာကာ ပြောရေးဆိုခွင့်ရှိသူရဲ့ ပို့စ်ကို ဇာဗီ ပြစ်တင်ဝေဖန်

By By PKThawn
26 October 2023
ဗီနီစီယပ်စ်ကို တိုက်ခိုက်တဲ့ ဘာကာ ပြောရေးဆိုခွင့်ရှိသူရဲ့ ပို့စ်ကို ဇာဗီ ပြစ်တင်ဝေဖန်

ဘာစီလိုနာအသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က  စနေနေ့ရဲ့ ကလက်စီကို (Clasico)ပွဲ မတိုင်ခင် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဗီနီစီယပ်စ် ဂျူနီယာအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်ပြောဆိုမှုကို ရှုတ်ချပြီး သူ့ကို "လူပြက်" တစ်ယာက်လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ ကလပ်အသင်းပြောရေးဆိုခွင့်ရှိသူရဲ့ လူမှုမီဒီယာပို့စ်ကို သူ့အနေနဲ့ မနှစ်မြို့ကြောင်း ပြောပါတယ်။

ဘရာဇီးလ်တိုက်စစ်ကစားသမားဟာ စနေနေ့က ဆီဗီလာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း လူမျိုးရေးအရ စော်ကားတိုက်ခိုက်မှုခံခဲ့ရပြီး ဆီဗီလာအသင်းရဲ့ ပရိသတ်တစ်ဦးကို ကွင်းထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

"ဒါက လူမျိုးရေးခွဲခြားမှု မဟုတ်ပါဘူး၊ (ဗီနီစီယပ်စ်)ဟာ လူပြက်တစ်ယောက်ဖြစ်မှုအတွက် ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှု ခံထိုက်ပါတယ်"လို့ ဘာစီလိုနာဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီခယ် ကန်းစ်က အင်္ဂါနေ့က မက်ဒရစ်က ဘရာဂါကို နိုင်ရခဲ့တဲ့ ပွဲအတွင်း X (အရင် Twitter)မှာ ရေးသားခဲ့ပါတယ်။

"ဒီမလိုလားအပ်ပြီး အဓိပ္ပါယ်မဲ့ dribbling တွေက ကွင်းတွင်းမှာ ဘာကို ကိုယ်စားပြုသလဲ"

နောက်ပိုင်းမှာ ကန်းစ်ဟာ သူ့ရဲ့ပို့စ်ကို ဖျက်ခဲ့ပေမယ့်လည်း ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ဆန္ဒပြတဲ့အနေနဲ့ ဘာစီလိုနာမှာ စနေနေ့ ကစားမယ့် ကလက်စီကိုပွဲကို တက်ရောက်မှာမဟုတ်ကြောင်း စပိန်မီဒီယာတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ရှက်တာဒိုးနက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဇာဗီက အဲဒီမှတ်ချက်ကို သူ သဘောမတူဘဲ ဒါက ပွဲကို တင်းမာမှုဖြစ်စေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"ဒါကို ပြောနေစရာတောင် မလိုပါဘူး၊ အဲဒီမှတ်ချက်ကို ဖျက်လိုက်ပါပြီ၊ ဒီလောက်ဆို လုံလောက်ပါပြီ။ ဒါပါပဲ"လို့ ဇာဗီက ပြောပါတယ်။

“တင်းမာမှုတွေ တိုးလာစေတဲ့ ဘယ်အရာမဆို ကျနော် မကြိုက်ပါဘူး။ မက်ဒရစ်က ဒိုင်လူကြီးတွေကို ဖိအားပေးနိုင်တဲ့ အခြေအနေပေးဖို့ ကြိုးပမ်းတာကို မကြိုက်သလို၊ ဒီ tweet ပို့စ်ကိုလည်း မကြိုက်ပါဘူး။  သန့်ရှင်းမျှတတဲ့ ကစားပွဲနဲ့ အပြန်အလှန် လေးစားမှုကို ကျနော် နှစ်သက်ပါတယ်။"

ဘာစီလိုနာဒုဥက္ကဋ္ဌ ရာဖာ ယူစတေဟာ ဗီနီစီယပ်စ်ကို တောင်းပန်ခဲ့ပါတယ်။

"ဗီနီစီယပ်စ်က ကျနော့်စကားကို ကြားနေမယ်ဆိုရင် ဒါက နောက်ထပ်တဖန်ဖြစ်လာလိမ့်မှာမဟုတ်ပါဘူး"လို့ ယူစတေက Movistar မှာ ကတိပြုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required