စစ်ကောင်စီရဲ့ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့လေယာဉ်ဆီတင်သွင်းတာတွေကို အရေးယူဖို့တွမ်အင်ဒရူးတိုက်တွန်း

By မဇ္ဈိမ 
25 October 2023
စစ်ကောင်စီရဲ့ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့လေယာဉ်ဆီတင်သွင်းတာတွေကို အရေးယူဖို့တွမ်အင်ဒရူးတိုက်တွန်း

စစ်ကောင်စီကို ပိုအားနည်းသွားအောင်လုပ်နိုင်မယ့် ပိုပြီးထိရောက်တဲ့ လမ်းကြောင်းဖောက်နိုင်ဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး က ကုလအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်လာအောင်လုပ်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို အင်အားချိနဲ့သွားစေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ လေယာဉ်ဆီတင်သွင်းတာတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာအပါအဝင် ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေကို ညှိနှိုင်းလုပ်ဆောင်ရမဲ့အချိန်ဖြစ်တယ်လို့ မစ္စတာ တွမ်အင်ဒရူး က တိုက်တွန်းသွားပါတယ်။
စစ်ကောင်စီက မှီခိုအားထားနေရတဲ့ ဘဏ်တွေလို အဓိက ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဂျက်လေယာဉ်ဆီရောင်းဝယ်တာကို ပစ်မှတ်အဖြစ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို သက်သာရာရစေပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်တွန်းပို့နိုင်မှာဖြစ်တယ်လို့လည်း တွမ်အင်ဒရူးစ်က ပြောသွားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေရရှိနေတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေကို ပိုပြီးတင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ အမေရိကန်လွှတ်တော် Tom Lantos လူ့အခွင့်အရေးကော်မရှင် ကြားနားပွဲမှာ လူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းခဲ့ပါတယ်။
 မြန်မာစစ်ကောင်စီကို စီးပွားရေးနဲ့နိုင်ငံရေးအရ ပိုပြီး ဖိအားပေး အကြပ်ကိုင်ဖို့နဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လွှတ်တော်ကအတည်ပြုထားတဲ့ Burma Act ဥပဒေ ပါ ရည်ညွှန်းဖော်ပြချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့လည်း အမေရိကန် အစိုးရအရာရှိတွေကို ၎င်းကတင်ပြခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မစေခိုင်းမှု၊ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကို အဓိကထား တင်ပြခဲ့ပါတယ်။
စစ်ကောင်စီဟာ ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး ဗုံးကြဲတိုက်ခိုက်နေသလို မြန်မာနိုင်ငံနယ်စပ်မှာ ထွန်းကားနေတဲ့ လိမ်လည်မှုလုပ်ငန်းတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားမဟုတ်တဲ့ သူတွေလည်း သားကောင်ဖြစ်နေရတယ်လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။
မစ္စတာ တွမ်အင်ဒရူးဟာ အစီရင်ခံစာမတင်သွင်းမီ သူ့ရဲ့လူမူကွန်ရက်ကနေလည်း မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကမ္ဘာတဝှမ်း ကြီးမားတဲ့ ပဋိပက္ခနဲ့ စစ်ပွဲတွေ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း လျစ်လျုရှုမထားဖို့ တိုက်တွန်းထားပါတယ်။ 
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly