မြန်မာစစ်ခေါင်းဆောင် ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဖို့ ချင်းတိုင်းရင်းသားတွေကြိုးပမ်း

By မဇ္ဈိမ 
25 October 2023
မြန်မာစစ်ခေါင်းဆောင် ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဖို့ ချင်းတိုင်းရင်းသားတွေကြိုးပမ်း

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၀ ဦးကို စစ်ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးပေးဖို့၊ ချင်းတိုင်းရင်းသား ငါးဦးက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို အောက်တိုဘာလ ၂၅ ရက်က တိုင်ကြားစာ ပေးပို့ပြီး လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အလောင်းတွေကိုဖျက်ဆီးတာ၊ နေအိမ်ရာပေါင်းများစွာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒုက္ခရောက်နေသူတွေအတွက် အကူအညီတွေကို လက်နက်တစ်ခုအဖြစ် အသုံးချတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှု အက်ဥပဒေအရ တိုင်ကြားလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ဖိလစ်ပိုင် နိုင်ငံကနေ စစ်ဆေးအရေးယူဖို့ တိုင်ကြားလျှောက်ထားတာကို အားပေးထောက်ခံတဲ့ Myanmar Accountability Project အဖွဲ့က ခရစ် ဂန်းနက်က မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်လာရင်၊ နိုင်ငံတကာက ဖိအားပေး တောင်းဆိုတဲ့နေရာမှာ၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့ ပြောတဲ့ အဆင့်ကနေ၊ စစ်ခေါင်းဆောင်တွေကို တာဝန်ယူမှုနဲ့ တရားမျှတမှုရှိအောင် တွန်းအားပေးရမယ့် အချိန်ရောက်နေပြီလို့  ကြေညာချက်ထုတ်ပြန် ပြောကြားထားပါတယ်။

မြန်မာစစ်တပ်ဟာ ချင်းပြည်နယ်က အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းခဲ့ရာမှာ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူအနည်းဆုံး ၂၅၀ သတ်ဖြတ်ခံခဲ့ရပြီး၊ နေအိမ် ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့နောက် ချင်းတိုင်းရင်းသား ခြောက်သောင်းကျော်ဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ Myanmar Accountability Project ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။   ဖိလစ်ပိုင်နိုင်ငံရဲ့ဥပဒေအရ ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တိုင်ကြားမှုရှိလာရင် ဖိလစ်ပိုင်အစိုးရက ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရပါတယ်။ အခုလို ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ လျှောက်ထားခဲ့တဲ့ ချင်းတိုင်းရင်းသားတွေဟာ စစ်တပ်ရဲ့ မတရားသတ်ဖြတ်ခြင်းခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေဖြစ်တယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ   အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ယုံသာမက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေမြှုပ်မိုင်း အန္တာရယ်တွေကိုလည်း ချင်းပြည်သူများအနေနဲ့ ဆိုးဆိုးရွားရွားကြုံတွေ့နေရတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ ချင်းပြည်နယ်ထဲ လေကြောင်းတိုက်ခိုက်မှုတွေ အမြင့်ဆုံး ဖြစ်နေပြီး အိန္ဒိယဘက်ကို ထွက်ပြေးရသူတွေလည်း ပိုတိုးနေတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်ရေး ပြန်အသာရဖို့ ဖြတ်လေးဖြတ် နည်းဗျူဟာသုံးပြီး အစားအသောက်၊ ဆေးဝါး၊ အနွေးထည်၊ လူသုံးကုန်ပစ္စည်းက အစ တားဆီးပိတ်ဆို့နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ ချင်းပြည်နယ်မှာ စစ်တပ်က အရပ်သား၊ လက်နက်ကိုင် ခွဲခြားမှု မရှိဘဲ ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျူးလွန်နေပြီး အရပ်သား အများအပြား နေရပ်စွန့်ခွာထွက်ပြေးစေတဲ့ ကျေးရွာတွေအပေါ် ပြင်းပြင်းထန်ထန် ဖြိုခွင်းတာနဲ့ အတူ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဖြတ်တောက် ပိတ်ဆို့တာ အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ လူသူ၊ ရိက္ခာ၊ ငွေကြေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မရအောင် ဖြတ်လေးဖြတ် နည်းကျင့်သုံးနေတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly