ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးများ ပညာသင်ဖို့ခက်ခဲနေ

By Spring
24 October 2023
ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးများ ပညာသင်ဖို့ခက်ခဲနေ

ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးအတွက် အရပ်ဘက်နဲ့ အစိုးရအဖွဲ့အစည်းတွေက နှစ်ပေါင်း ၃၀ လောက် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြဿနာတွေ ပိုပြီးဆိုးရွားလာနေပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မဲဆောက်မြို့ကို ရောက်လာတဲ့သူတွေပိုများလာပြီး အရင်ရှိပြီးသားတွေနဲ့ပါဆိုရင် မြန်မာနိုင်ငံသား သုံးသိန်းကျော်ရှိနေပြီလို့ မဲဆောက်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။

မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာတွေရဲ့ကလေးတွေ ပညာရေးအတွက် ထိုင်းအစိုးရခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ စာသင်ကျောင်း ၆၅ ကျောင်း ရှိပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အဲဒီကျောင်းတွေလည်း သုံးနှစ်လောက်အထိ ပိတ်ထားခဲ့ရပါတယ်။ ဒါကြောင့် ကလေးတွေက အသက်သုံးနှစ်လောက် ကြီးသွားသလို မိဘတွေရဲ့ ဝင်ငွေနဲ့ မလောက်တော့လို့ စာဆက်မသင်တော့ဘဲ ဝင်ငွေရမဲ့ လုပ်ငန်းခွင်တွေထဲကို ရောက်ကုန်ကြပါတယ်။

မဲဆောက်မြို့ တာ့ခ်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း လေးသိန်းလောက်ရှိပြီး အဲဒီထဲက ကျောင်းနေအရွယ်ကလေး နှစ်သောင်းကျော်ဟာ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံပြင်ပမှာ ခိုလှုံနေတဲ့အချိန်မှာ စစ်ကောင်စီရဲ့အန္တရာယ်ကနေ လွတ်မြောက်တယ်ဆိုပေမဲ့လည်း တရားဝင်အထောက်အထားမရှိဘဲ နေရတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေလည်းရှိနေကြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး သုတေသနစာတမ်း တင်ပြပွဲကို ထိုင်း-မြန်မာ နှစ်နိုင်ငံက သုတေသန ၈ ဖွဲ့ပူးပေါင်းပြီး အောက်တိုဘာလ ၂ ရက်နေ့တုန်းက ထုတ်ပြန်ထားပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာ Surichai Wungaeo က ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ အခြေနေဆိုးနေတာတွေ့ရပြီး ဒီကိစ္စဟာ နှစ်နိုင်ငံပြဿနာ၊ အမွှာညီနောင် ပြဿနာလို့တောင် ပြောလို့ရနိုင်ကြောင်း အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွက်လည်း ဒါက အရေးကြီးသလို၊ မြန်မာနိုင်ငံအတွက်ဆို ပိုအရေးကြီးတာကြောင့် အားလုံးဝိုင်းဝန်းကူညီကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒီအထဲမှာ ရွှေ့ပြောင်းကလေးငယ်တွေ တက်ရောက်ပညာသင်ကြားရမယ့် စာသင်ကျောင်းတွေမှာ ထိုင်း-မြန်မာ နှစ်ဘာသာ တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်ပေးဖို့ အပါအဝင် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးဖို့အတွက်လည်း သုတေသနအဖွဲ့တွေက အကြံပြု တောင်းဆိုထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာခိုလှုံနေကြတဲ့ဒုက္ခသည်တွေအတွက် အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေရအောင် ထိုင်းအစိုးရနဲ့ အတူတကွဆောင်ရွက်သွားမယ်လို့လည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြီးအကဲ ဖိလစ်ပို ဂရမ်ဒီ (Filippo Grandi) က အောက်တိုဘာလ ၁၆ ပြောကြားထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခိုလှုံခွင့်စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိစေဖို့ ထိုင်းနိုင်ငံကို UNHCR အနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly