နိုင်ငံရေးပါတီများ လုံခြုံရေးအရ ပါတီဝင်အင်အား စည်းရုံးဖို့နဲ့ ရုံးခန်းဖွင့်လှစ်ဖို့ အခက်အခဲများကြုံတွေ့နေရ

By Spring
24 October 2023
နိုင်ငံရေးပါတီများ လုံခြုံရေးအရ ပါတီဝင်အင်အား စည်းရုံးဖို့နဲ့ ရုံးခန်းဖွင့်လှစ်ဖို့ အခက်အခဲများကြုံတွေ့နေရ

နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းတို့၌ လုံခြုံရေးအရ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရေးနှင့် အနိုင်ရရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံရေးပါတီများကို အောက်တိုဘာလ ၁၆ ရက်နေ့က နှိုးဆော်မှာကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများအနက် ပါတီအချို့မှာ ယခုအောက်တိုဘာလအတွင်း ရက်ပေါင်း ၁၈၀ ပြည့်မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများဖွင့်လှစ်ရန် UEC ဘက်က ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံရေးပါတီများဘက်မှ လက်ရှိကြုံတွေ့ရနေသည့်အခက်အခဲများနှင့်ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

နယ်မြေဆင်းကာ ပါတီဝင်အင်အားစုစည်းရာ၌ လုံခြုံမှုမရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ယာယီဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်းသိရသည်။

ဒါ့ပြင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များအလိုက် ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင်လည်း အန္တရာယ်ပြုမည့်အခြေအနေကို စိုးရိမ်နေရလျက်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။

ပါတီရုံးခန်းဖွင့်လှစ်ရာတွင် ဆိုင်းဘုတ်၊ အလံများကို နေအိမ်အခန်းအတွင်းသာ ချိတ်ဆွဲခွင့်ပြုရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း သိရသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အနည်းဆုံး လူဦးရေ တစ်သိန်း စည်းရုံးရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ်အားလုံး၏ ထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။

လက်ရှိ နိုင်ငံရေးအခြေအနေနှင့် အခက်အခဲများရှိနေသည့်အတွက် ပါတီဝင်ဦးရေ သတ်မှတ်ချက်၊ ပါတီရုံးခန်းဖွင့်ရမည့် သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးရန် နိုင်ငံရေးပါတီများဘက်က တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း သိရသည်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲကျင်းပမည့် အချိန်အတိအကျကိုမူ ပြောဆိုခြင်းမရှိကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများက ပြန်လည် ပြောကြားထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံ ရေးပါတီ (၆၄)ပါတီရှိသည့်အနက် ပါတီပေါင်း (၃၇)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။

မှတ်ပုံတင်ခွင့် ပြန်မလျှောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီ ၄၀ ကိုလည်း စစ်ကောင်စီက ပယ်ဖျက်ကြောင်း ကြေညာထားသည်။

၂၀၂၄ သန်းခေါင်စာရင်းကောက်ပြီးတဲ့အခါ နိုင်ငံတစ်ဝန်း တိုင်းရင်းသားဒေသတွေပါမကျန် ရွေးကောက်ပွဲ လုပ်မယ့်အကြောင်း စစ်ကောင်စီဥက္ကဋ္ဌက မကြာခဏ ထုတ်‌ပြောနေသလို၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နေပြည်တော်မှာ တစ်ဖွဲ့ချင်း ခေါ်ယူဆွေးနွေး နေခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း မကြုံဖူးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ ရွေးကောက်ပွဲလုပ် ဖို့ အခက်အခဲ ရှိတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly